အမေ့ထံသို့ ကဗျာတစ်ပုဒ်

တမ်းတမိတယ် အမေ
ငယ်ရွယ်စဉ်က အကြင်နာလက်နဲ့
ယုယစွာ ကျွေးမွေးခဲ့တဲ့ ထမင်းတစ်လုပ်
အဝေးရောက်တဲ့သားမောင်
ကိုယ်တိုင် ချက်ပြုတ် စားသောက်ရတဲ့ အချိန်ကြမှပေါ့။


လွမ်းနေမိတယ် အမေ
ငယ်ရွယ်စဉ်က အိပ်ရာဝင်ရင်
အမေ ချော့သိပ်ခဲ့တဲ့ သီချင်းတစ်ပုဒ်
အဝေးရောက်တဲ့သားမောင်
ညအိပ်ရာဝင် သီချင်းသံကြားတိုင်းပေါ့။


မှန်းဆမိတယ် အမေ
ငယ်ရွယ်စဉ်က စိတ်ဓါတ်ကျရင်
ကြင်နာစွာအားပေးခဲ့တဲ့ အမေ့ရဲ့အသံ
အဝေးရောက်တဲ့သားမောင်
လောကအလယ် ခရီးကြမ်းလျောက်ရတဲ့ အချိန်ကြမှပေါ့။


မြင်ယောင်မိတယ် အမေ
ငယ်ရွယ်စဉ်က ဖျားနာခဲ့စဉ်
နွေးထွေးစွာ ပြုစုပေးခဲ့တဲ့ အမေ့ရဲ့ပုံရိပ်
အဝေးရောက်တဲ့သားမောင်
နေမကောင်းတဲ့ အချိန်ကြမှပေါ့။

သတိရမိတယ် အမေ
အရွယ်ရောက်စဉ် လောကအကြောင်း
အကောင်းအဆိုး ဆုံးမစကား
အဝေးရောက်တဲ့သားမောင်
လောကအလယ်မှာ ကျင်လည်တဲ့အချိန်ကြမှပေါ့

ကြိုနေပါ အမေ
ငယ်ရွယ်စဉ်က မူကြိုပြန်ရင်
ပျော်ရွှင်ဝမ်းသာစွာ ကြိုဆိုသလို
အဝေးရောက်တဲ့သားမောင်
ပြန်လာချိန်ကြရင်ပေါ့။


ခွင့်လွှတ်ပါ အမေ
အတောင်ပံစုံလို့ ကြင်ယာရှာချိန်
ခေတ္တခဏ ခွဲခွါသွားမိရင်
ငယ်စဉ်အခါက
အပြစ်ကို ခွင့်လွှတ်ပေးသလို
သားမောင်ကို ခွင့်လွှတ်ပေးပါလို့
ရှိခိုးကန်တော့ တောင်းပန်ပါတယ် အမေ။

2 comments:

ဒီဇင်ဘာနှင်း said...

အမေနဲ့ပက်သက်တဲ့ကဗျာလေးတွေကို ဖတ်ရတာ တကယ်ကောင်းပါတယ်

Anonymous said...

အမေနဲ့ ပက်သက်တဲ့ကဗျာလေးဖတ်ရတာ အေးချမ်းလိုက်တာဗျာ။ ကိုယ်တိုင်မေ၇းတတ်ပေမယ့် စာရေးသူနဲ့ ထပ်တူခံစားနားလည်သွားပါတယ်ဗျာ။