တမ်းတခြင်း

ဥဩ….ဥဩ သံချိုနှောသည့်

လွမ်းမောသံသာ ကြားခဲပါလည်း

ရင်မှာလွမ်းမြဲ တမ်းတဆဲ။


အုံးကွမ်….အုံးကွမ် အော်မြည်သံပင်

ဝေးကွာနေဆဲ ကြားရခဲမို့

လွမ်းဆွတ်တမ်းတ သတိရ။


ဆောင်းတွင်းအေးအေး မီးဖိုဘေးမှာ

ဝိုင်းအုံစုဖွဲ့ မီးလှုံခဲ့တဲ့

နံနက်ခင်းလေး တမ်းတဆွေး။


ရွာတောင်ဘက်စွန်း ခြံကျယ်ဝန်းမှ

မေမေ့ကိုကြီး ဦးတာတီး၏

သစ်သီးချိုမွှေး စားချင်သေး။


ချဉ်ပေါင်တစ်ခွက် ငပိချက်နှင့်

အတို့အမြုပ် ဦးခေါင်းငုံ့ကာ

ပျော်ရွှင်ကြည်မြ စားခဲ့ကြတဲ့

ထမင်းဝိုင်းလေး တမ်းတဆွေး။

ကျေပါစေရွယ် နို့စက်ငယ်

“လာတုန်းကလည်း တစ်ယောက်တည်းနော့

လက်တွဲခေါ်ကာ ဖေါ်မပါဘူး

ဥစ္စာချည်းနှီး ကိုယ်ထီးတည်း

ပြန်သွားတော့လည်း တစ်ယောက်တည်းနော့

လက်တွဲခေါ်ကာ ဖေါ်မပါဘူး

ဥစ္စာချည်းနှီး ကိုယ်ထီးတည်း”


သံစဉ်စာသား ထိုတေးသွားအား

များစွာသတိ ထားကာရှိကာ

ပဋိပက္ခ ပယောဂနှင့်

မလိုတမာ အဘိဇ္ဖာပြင်

လောဘ၊ဒေါသ မောဟများနှင့်

အစွဲအလမ်း အတ္တလွှမ်းသည့်

ဘဒ္ဒကမ္ဘာ ဤလူ့ရွာမှ

လွတ်မြောက်စေရာ အေးငြိမ်းသာမည့်

တရားစဉ်မှတ် အကျင့်မြတ်အား

စိတ်ထားဖြူနု သီလမှုဖြင့်

ပြုပါစေလို မနောချိုဖြင့်

မေမေ့သည်းချာ သားလက်လျာမှ

ကျေးဇူးအကြီး ဓမ္မနည်းဖြင့်

ဆပ်ခြင်းမမြည် ဆပ်ပါသည်။