ပြောင်းလဲခြင်းများမှ မပြောင်းလဲခြင်း

ဟိုစဉ်အခါ ၊ မြင်ခဲ့ရာဝယ်

မွှေးပျံ့ကြိုင်ဝင့် ၊ ဖွေးဖြူဆင့်သည့်

စံပယ်ပွင့်။


ညမှောင်ကောင်းကင် ၊ မျှော်ကြည့်လျှင်လည်း

မိုးမြင့်ယံထက် ၊ ပြိုးပြက်ပြက်နှင့်

ကြယ်တစ်ပွင့်။


လေးဘက်လေးတန် ၊ ရိုးခြံကာဆီး

ရေကန်ကြီးဝယ် ၊ လှမာန်သွယ်သည့်

ကြာတစ်ပွင့်။


အေးမြချမ်းစိမ့် ၊ တောတောင်ရိပ်ဝယ်

ရှုဖွယ်မငြီး ၊ သွင်သွင်စီးသည့်

စမ်းချောင်းလေး။


ဪ…..အခုတော့

နွမ်းကြွေရော်ရင့် ၊ ရနံ့လွင့်ပြီး

ကြယ်ပွင့်လည်းကြွေ ၊ ကြာလည်းခွေ၍

စမ်းရေတွေလဲ သွေ့ပြီလေ။


သို့ပါသော်ငြား……..

ဟိုစဉ်အခါ ၊ ထိုမျက်နှာမှာ

ဘယ်ခါမပြောင်း လနှစ်ညောင်းလဲ

မေမေ့မျက်နှာ ၊ သာမြဲသာတည့်

တိမ်စင်လနှယ်ပါတကား။

ခက်ခဲတဲ့မေးခွန်း

/* ဖတ်ဖူးသမျှလေးတွေထဲက မိသားစုနဲ့ ပတ်သက်တဲ့ ဟာသလေးတွေကို မျှဝေလိုက်ပါတယ်။ တစ်ချက်ပြုံးလို့ ချစ်ခင် နှစ်သက်သူတွေက တစ်သက်မမုန်းသောသူများ ဖြစ်ကြပါစေ */

~ ဒီနေ့ ဆရာမေးတဲ့ မေးခွန်းကို ဘယ်သူမှ မဖြေနိုင်ဘူး မေမေ။

~ ဆရာက ဘာမေးလို့လဲ ?

~ ဒီထိုင်ခုံကို ဘယ်သူ ချိုးတာလဲတဲ့

ဘူတာရုံမှာ

တောင်ပိုင်းမြို့သို့ သွားမည့် ဖခင်အား ၊ သူ၏ဇနီး နှင့် သား လိုက်လံ ပို့ဆောင်ကြသည်။

ရထားထွက်သွားပြီး ပလက်ဖောင်းသို့ ရထားအသစ်တစ်စီး ဆိုက်ရောက်လာသည်ကို မြင်သော အခါ သားက သူ့မိခင်အား

~ ကြည့်ပါအုံးမေမေ ရထားကြီးပြန်လာတယ် ဖေဖေဘာကျန်ခဲ့ပြန်ပြီလဲ မသိဘူး

မသိလို့ပါ

~ မေမေ သားကို ဘယ်မှာမွေးခဲ့တာလဲ ?

~ မော်စကိုမြို့မှာ

~ မေမေကကော ?

~ စာရာသော့ဖ်မြို့မှာ (ဗော်ဒဂါမြစ်၏ ဆိပ်ကမ်းမြို့ တစ်ခု)

~ ဖေဖေကကော ?

~ ကာလုဂါမြို့မှာ

~ ဒါဆို သားတို့ ဘယ်လို တွေ့ပြီးရင်းနှီးခဲ့ကြတာလဲ ?


ဆုတောင်း

လှပတဲ့…..အာရုဏ်ဦး၊

ရိုးစင်းတဲ့…..မြစ်တစ်ကြောင်း၊

ငြိမ်းချမ်းတဲ့…..လတစ်စင်း နဲ့

ဝေးခဲ့ရတာကြာပါပြီ


အပူတစ်ခြစ်ခြစ် တောက်ပပြီး

လောဘ တွေမနှမျှောတဲ့

အတိတ်ရဲ့ နံနက်စောစောတွေမှာ

အိပ်မောကျနေတာကြာပါပြီအမေ


အလျှံရဲရဲ တောက်ပပြီး

ဒေါသ တွေခင်တွယ်ဝိုင်းတဲ့

ဘ၀ရေပြင်ကျယ် ပင်လယ်ရိုင်းမှာ

မုန်တိုင်းမိနေပါတယ်အမေ


အရောင်တစ်ဖျတ်ဖျတ် တောက်ပပြီး

မောဟ တွေနဲ့သွားခဲ့ကြတဲ့

လောကကြီးထဲက သားရဲ့ညဟာ

မည်း မှောင် မိုက် နေပါတယ်အမေ


လ မထွက်ပေမဲ့

ည နက်မှန်းသိပါတယ်အမေ


နိုးတစ်ဝက် ညမျိုးမှာ

သက်ပြင်းတွေအလီလီချလို့

အိမ်မက်ဆိုးတွေထဲက သက်ဆင်းပြီး

မနက်လင်းပါရစေတော့အမေရယ်…။


/* အာရုဏ်ဦးနှယ် ၊ မြစ်တစ်စင်းသွယ် ၊ လတစ်စင်းပမာ မေတ္တာတရားကြီးမားသော ချစ်မေမေသို့ */

တို့လက်များဖြင့်

ဤလက်စုံဖြင့်

က ခ ဂ ဃ ၊ စာလုံးလှကို

သပ်ရပ်ခန့်ညား ၊ သိမှတ်ပွားအောင်

ငါတို့ရေးချယ်နိုင်ကြသည်။


ဤလက်စုံဖြင့်

ကစားခုန်စား ၊ အားကစားကို

နေ့ညမနား ၊ တို့အများက

လှုပ်ရှားပြုလုပ်နိုင်ကြသည်။


ဤလက်စုံဖြင့်

တွေးဆကြံမှု ၊ စုစုပြုကာ

ကဗျာဂီတ ၊ တေးသံလှကို

ငါတို့ပြုစုနိုင်ကြသည်။


ထိုမှတပါး ၊ တို့လက်များဖြင့်

အနန္တဂိုဏ်းဝင် ၊ ကျေးဇူးရှင်ဖြစ်

မွေးကျေးဇူးရှင် ၊ တို့မိခင်နှင့်

ကျွေးကျေးဇူးရှင် ၊ တို့ဖခင်အား

မွေးဖွားကျွေးပြု ၊ မှုစုစုတွက်

တဖန်ပြန်လည်(လီ) ၊ ကြွေးဆပ်မည်ဟု

စိတ်ဝယ်ရည်သန် ၊ မြတ်စိတ်မှန်ဖြင့်

ကျွေးမွေးစောင့်ရှောက်သင့်ပေသည်……….။

စောင့်မျှော်နေမည် ၊ ထိုနေ့ဆီသို့

နံနက်မိုးသောက် ၊ ရောင်နီရောက်သော်

အိမ်မိုးပေါက်ဖွင့် ၊ မျက်နှာသစ်စဉ်

စိတ်အစဉ်ဝယ် ၊ ငါ့သားငယ်၏

ရုပ်လွှာပေါ်လို့လာလေတယ်။


တစ်နေ့တစ်ခါ ၊ မျှော်လို့သာဖြင့်

ကျန်းမာစေကြောင်း ၊ မေတ္တာလောင်းကာ

ကင်းရှင်းဝေးပယ် ၊ အန္တရာယ်ဟု

ပို့သမေတ္တာ ၊ သားလိမ္မာသို့

နေ့စဉ်ပြုရှာတယ်။


ခါတိုင်းဆိုလျှင်

စားသောက်ဖွယ်ရာ ၊ ပြင်ဆင်ခါဝယ်

သားမောင်လူလှ ၊ ကူနေကြနှင့်

ဖခင်ပြုရာ ၊ အိမ်မှုရာ၌

သည်းချာဖေ့သား ၊ ကူသော်ညားလည်း

ယခုမူကား ၊ တို့အပါးမှာ

သားမောင်မရှိပါတကား။


ခုကားခမျာ ၊ မြေခြားရာသို့

ပညာရေးတွက် ၊ သားလှထွက်ကာ

ခေတ်မှီထွန်းကား ၊ ပညာများအား

တို့သားသင်ယူနေလေတယ်။


ဤသို့ဤဖြင့်

ဆည်းဆာမတည် ၊ မှိုင်းညိုရီကာ

နေသည်ကွယ်မြုပ် ၊ ညမိုးချုပ်ရာ

အိပ်တန်းတက်ပြန် ၊ ကျေးငှက်သံလည်း

ဆူညံရာမှ ၊ ငြိမ်ဆိတ်ကြပြီး

တစ်နေကွယ်ခဲ့ပြန်လေတယ်။


ထိုသို့ထိုဖြင့်

ရက်မှလပြောင်း ၊ လနှစ်ညောင်း၍

လူလေးအိမ်ပြန် ၊ ရောက်ချိန်တန်ကို

ပူပန်စောင့်မျှော်နေရှာတယ်။


နောင်တစ်နေ့ဝယ်

ပညာမြတ်မို ၊ တက္ကသိုလ်မှ

ပြီးဆုံးသင်ကာ ၊ ကျောင်းပညာနှင့်

ကောင်းစွာသိရှိ ၊ လောကသိကို

ပိုက်ကာရင်ခွင် ၊ ကြောင်းကျိုးဆင်ကာ

ပြန်လာရာဝယ် ၊

စောင့်မျှော်နေကြ ၊ အိမ်ပေါက်ဝမှ

အိုဗျ…အဖေ ၊ အို…အမေဟု

ပြုံးရွှင်မျက်နှာ ၊ ဖြိုးပြည့်စွာဖြင့်

အားစွမ်းမာန်ပြည့် ၊ ရောက်လာဘိသော်

မိနှင့်ဖတို့ ၊ မျက်ရည်စို့၍

ပျော်ကာပြုံးရွှင် ၊ ချစ်စိတ်ဝင်ကာ

ကြိုဆိုနှုတ်ဆက် ၊ ပွေ့ကာဖက်မှာ

မြင်ယောင်ပြုံးပျော်မိတော့သည်…………………………။

ရင်ခွင်မှာ

လှပတဲ့ ကောင်းကင်ပြာအောက်မှာ
ရာပေါင်းများစွာသော
တောတောင်တွေရှိကြတယ်…..

တိတ်ဆိတ်တဲ့ ညသန်းခေါင်ယံမှာ
ရာပေါင်းများစွာသော
ကြယ်ကလေးတွေရှိကြတယ်…..

သာယာလှပတဲ့ နေရောင်ခြည်အောက်မှာ
ရာပေါင်းများစွာသော
တိရိစ္ဆာန်လေးတွေရှိကြတယ်…..

စိမ်းလန်းလှတဲ့ တောတောင်တွေမှာ
ရာပေါင်းများစွာသော
ကျေးငှက်ကလေးတွေရှိကြတယ်…..

သစ်ဝါးပင်ထက်က ပျားအုံမှာ
ရာပေါင်းများစွာသော
ပျားငယ်လေးတွေရှိကြတယ်…..

လန်းဆမ်းလှတဲ့ ပန်းမာန်တွေမှာ
ရာပေါင်းများစွာသော
လိပ်ပြာငယ်လေးတွေရှိကြတယ်…..

ဒါပေမယ့်
ကျနော့်ရဲ့ ရင်ခွင်ကမ္ဘာမှာတော့
မိဘသာလျှင် ရှိပါတယ်……….။

အိမ်ကလေး

အဖေ၊အမေမရှိလျှင်လ
ရွှေအတိဆင်စေဦးတော့
အမြင်သာအသွင်ဆန်းပေလိမ့်
နန်းတော်ကြီးက အရုပ်အိမ်။

အဖေ၊အမေရှိလျှင်ပေါ့
ရွှေမရှိနေလေဦးတော့
အဆင်းဗလာမွဲနုပ်သေးသော်လည်း
တဲကုပ်ကလေး
အေးရိပ်ငြိမ်။

ခွဲမလွှတ်နိုင်ဘု
စွဲညွှတ်ခဲ့မိဘအိမ်
ငြိမ်သက်မြဲအလှတရား။

သားအမိအိမ်
ပတ္တမြားမရှိ ၊ စိန်မစီပေမယ့်
မမှိန်ပြီမေတ္တာတန်ခိုးတွေကြောင့်
ရိုးလို့မသွား။

ကြားဖူးတဲ့ ကဗျာလေးတစ်ပုဒ်ပါ။ ခေါင်းစဉ်တော့မသိဘူး။ “အိမ်ကလေး” လို့ပဲပေးလိုက်တယ်။ မိဘအိမ်နဲ့ ဝေးနေသူတွေအတွက် အမှတ်တရပေါ့



အမေ့ထံသို့ ကဗျာတစ်ပုဒ်

တမ်းတမိတယ် အမေ
ငယ်ရွယ်စဉ်က အကြင်နာလက်နဲ့
ယုယစွာ ကျွေးမွေးခဲ့တဲ့ ထမင်းတစ်လုပ်
အဝေးရောက်တဲ့သားမောင်
ကိုယ်တိုင် ချက်ပြုတ် စားသောက်ရတဲ့ အချိန်ကြမှပေါ့။


လွမ်းနေမိတယ် အမေ
ငယ်ရွယ်စဉ်က အိပ်ရာဝင်ရင်
အမေ ချော့သိပ်ခဲ့တဲ့ သီချင်းတစ်ပုဒ်
အဝေးရောက်တဲ့သားမောင်
ညအိပ်ရာဝင် သီချင်းသံကြားတိုင်းပေါ့။


မှန်းဆမိတယ် အမေ
ငယ်ရွယ်စဉ်က စိတ်ဓါတ်ကျရင်
ကြင်နာစွာအားပေးခဲ့တဲ့ အမေ့ရဲ့အသံ
အဝေးရောက်တဲ့သားမောင်
လောကအလယ် ခရီးကြမ်းလျောက်ရတဲ့ အချိန်ကြမှပေါ့။


မြင်ယောင်မိတယ် အမေ
ငယ်ရွယ်စဉ်က ဖျားနာခဲ့စဉ်
နွေးထွေးစွာ ပြုစုပေးခဲ့တဲ့ အမေ့ရဲ့ပုံရိပ်
အဝေးရောက်တဲ့သားမောင်
နေမကောင်းတဲ့ အချိန်ကြမှပေါ့။

သတိရမိတယ် အမေ
အရွယ်ရောက်စဉ် လောကအကြောင်း
အကောင်းအဆိုး ဆုံးမစကား
အဝေးရောက်တဲ့သားမောင်
လောကအလယ်မှာ ကျင်လည်တဲ့အချိန်ကြမှပေါ့

ကြိုနေပါ အမေ
ငယ်ရွယ်စဉ်က မူကြိုပြန်ရင်
ပျော်ရွှင်ဝမ်းသာစွာ ကြိုဆိုသလို
အဝေးရောက်တဲ့သားမောင်
ပြန်လာချိန်ကြရင်ပေါ့။


ခွင့်လွှတ်ပါ အမေ
အတောင်ပံစုံလို့ ကြင်ယာရှာချိန်
ခေတ္တခဏ ခွဲခွါသွားမိရင်
ငယ်စဉ်အခါက
အပြစ်ကို ခွင့်လွှတ်ပေးသလို
သားမောင်ကို ခွင့်လွှတ်ပေးပါလို့
ရှိခိုးကန်တော့ တောင်းပန်ပါတယ် အမေ။