ဖန်ဆင်းရှင်သို့

ကုန်လွန်ပြီးဆုံး နှစ်ဆယ့်သုံးရှိ

တစ်သုံးလေးခွန် ခုနှစ်မွန်၌

ဝါဆိုဝါခေါင် ရေဖေါင်ဖေါင်ဝယ်

သည်းထန်ရွာကျ ၀ဿန်စကြား

သေမင်းနှင့်ပြိုင် ငါအနိုင်ဟု

ရင်မှပေါက်ဖွား ငါ၏သားကို

မွေးဖွားသန့်စင် မျက်နှာမြင်ရန်

အားယူမာန်ခဲ စိတ်ဝယ်စွဲ၍

ကြီးစွာသတ္တိ များစွာရှိသည့်

အနန္တဂိုဏ်းဝင် မွေးမိခင်အား

ကဗျာမပီ စာမမှီဖြင့်

မိုင်ချီဝေးကွာ တိုင်းနေရာမှ

ကျန်းမာစေကြောင်း ဆုမွန်တောင်းကာ

ဆယ်ဖြာလက်မိုး ဦးတင်(ရှိ)ခိုး၍

ကြည်နူးရည်မှတ် ကန်တော့အပ်သည်

အိုဘယ့် မိခင် စိတ်အစဉ်တွင်

ကြည်နူးရွှင်မြနိုင်စေသော်……….။


တစ်ကိုးရှစ်ငါး ဇွန်လကြား၌

မွေးဖွားသန့်စင် မျက်နှာမြင်ရ

ဖွံထွားချစ်ဖွယ် သားမင်းငယ်ကြောင့်

နှဖူးခြေမ ချွေးစကျလည်း

မပန်းမမော သားငယ်ဇောဖြင့်

ကြိုးစားရှာဖွေ စားဝတ်နေပြင်

အမှားပယ်ဖျောက် လမ်းမှန်ရောက်ရန်

သွန်သင်ဆုံးမ နည်းလမ်းပြသည့်

တောင်မြင့်မိုရ်လား ထင်ယောင်မှားအံ့

အနန္တဂိုဏ်းဝင် ကျွေးဖခင်အား

ကဗျာအညံ့ စာမခန့်ဖြင့်

မနီးဝေးကွာ တစ်ပြည်ရွာမှ

ကျန်းမာစေကြောင်း ဆုမွန်တောင်းကာ

ဆယ်ဖြာလက်အင် ကြာဖူးသွင်ဖြင့်

ကြည်ညိုလေးမြတ် ကန်တော့အပ်သည်

အိုဘယ့် ဖခင် စိတ်အစဉ်မှ

နားဆင်ကြည်နူးနိုင်စေသော်……….။


/*၂၃နှစ်ပြည့်အမှတ်တရ ဤကဗျာဖြင့် မိဘနှစ်ပါးအား ရှိခိုးကန်တော့ပါ၏*/


ဘ၀အိမ်

အိမ်ကလေး

ငြိမ်းအေးခြင်းတွေ ဖူးပွင့်နေတဲ့

မြက်ခင်းစိမ်းစိမ်းလေးထဲက

စုလစ်မွန်းချွန်တွေနဲ့ တခမ်းတနားလှပတဲ့

အိပ်မက်ထဲက ဘ၀အိမ်ကလေး။


ဒီအိမ်ကလေးကို တည်ဆောက်ရင်း

သက္ကရာဇ်ပွင့်ကြွေတွေကို ကောက်ခဲ့တာ

နှစ်ဆယ့်သုံးပွင့် တောင်ရခဲ့ပြီ

အိမ်ကလေးတော့ အပြီးမဆောက်နိုင်သေးဘူး

အိမ်ကလေးပြီးဖို့

သက္ကရာဇ်တွေ ဘယ်လောက်ကောက်ရအုံးမှာလဲ

အိမ် မယိုင်စေဖို့

တိုင်တွေ ထောက်ခဲ့ပေါင်းလဲ များခဲ့ပြီ

တိုင်တွေ ခိုင်စေဖို့

ရိုက်ခဲ့တဲ့သံတွေ ကောက်ခဲ့ပေါင်းလဲ များခဲ့ပြီ

သူရူးတွေထဲ အရူး မဖြစ်စေဖို့

မိုးခါးရေတွေ သောက်ခဲ့ရပေါင်းလဲ များခဲ့ပြီ။


ကြီးမားမေတ္တာ ကရုဏာများနဲ့

အမှားပယ်ဖျောက်လမ်းမှန်ရောက်ဖို့

သင်ကြားပေးသူ လက်ဦးဆရာနှစ်ဆူရဲ့ကျေးဇူးတွေ

ဆပ်မကုန်ပေမယ့် ကျေအောင်တော့ဆပ်ရအုံးမယ်။


ကျနော့်ကိုဝိုင်းကြည့်နေကြတဲ့

ဒေါသထွက်နေတဲ့မျက်နှာ လောဘတက်နေတဲ့မျက်နှာ

မနာလိုတဲ့မျက်နှာ အထာဆိုဖွဲ့မျက်နှာ

ဟန်ဆောင်ထားတဲ့မျက်နှာ မာန်ထောင်လွှားတဲ့မျက်နှာ

ရက်စက်ချင်တဲ့မျက်နှာ အတ္တဆင်တဲ့မျက်နှာတွေကြားမှာ

နေ့ရက်တွေ တစ်ရက်စီချွေခဲ့တယ်။


ဘ၀ရဲ့ လေဟာပြင်မှာ

အကြင်နာကင်းမဲ့ ဝေဒနာသင်းဖွဲ့

ရင်မှာတင်းခံရသူအတွက်

ဆုလာဘ်တစ်ပွင့်ကတော့

အပြုံးတံတားလေးထက် အမုန်းများဝေးလျက်

ဖြေရှင်းကူညီရိုင်းပင်တည်သည့်

အားပေးဖေါ် သူငယ်ချင်းများ။


ဆောက်လုပ်ဆဲအိမ်ကလေးထဲ

ကြည်နူးဖွယ်နေ့ရက်တွေကို ဆွဲဆန့်ပေးသူ

‘ဖန်ပြာခွက်နဲ့ကျောက်စက်ရေ’ အမောပြေအောင်တိုက်သူ

ကူညီပေးသူ လက်တွဲဖေါ်တစ်ယောက်

ခိုဝင်နားကာမှေးစက်

အချစ်ဆိုတဲ့အရာလည်း နိုးထရှင်သန်လို့ပေါ့။


……ဒီလိုနဲ့…..

အတ္တတွေထုံမွှန်းနေတဲ့ ဟန်ဆောင်ခြင်းဝန်းကျင်မှာ

ပျော်ရွှင်စွာကျင်လည်ရင်း

…..ခုတော့…..

တလက်လက်လင်းနေတဲ့ အနာဂတ်ဟင်းလင်းပြင်ထဲက

တစ်ဘ၀မှာ တစ်ခါသာဆောက်ခွင့်ရမယ့်

မပြီးသေးတဲ့ ဆောက်လက်စ အိမ်ကလေးအတွက်

မနက်ဖြန်တိုင်းမှာ
သံတစ်ချက်စီတော့ ရိုက်နေရအုံးမယ်။



/*၂၃နှစ်မြောက်အမှတ်တရ ရေးစပ်ပါသည်*/


အမေ့လက်ဆောင်

တစ်နေ့သောခါ မိမာတာမှ

မမြင်ဝေးကွယ် လူ့ရပ်လယ်သို့

ထွက်ခါပြုစ သားလူလှတွက်

လက်ဆောင်ဖြစ်ရေး စိတ်မှာတွေးကာ

ဘုရားဈေးတန်း ဆိုင်ခန်းတန်းသို့

သားဖြင့်တွဲကာလာခဲ့၏။


တခုသောခန်း ထိုဆိုင်တန်းတွင်

လှပယဉ်ကြော့ လည်တိုင်မော့နှင့်

ခါးသိမ်သေးနုပ် ယမင်းရုပ်သည်

ကတော့မည့်နှယ် ကြိုးမှာနွယ်၏။


ထို့မျှမက ဤဆိုင်ဝတွင်

သွေးသံရဲရဲ ကိုက်ကာခဲမည့်

ဝါနက်ရစ်သုတ် ကျားသစ်ရုပ်သည်

ကြိုးဆွဲတိုင်းမှာ အားမာန်ပါ၏။


သို့ပါသော်ငြား ထိုရုပ်များသည်

သခင်ခေါ်မှ သူမော်ရ၏။

သခင်ထူမှ သူမူရ၏။

သခင်ဆွဲမှ သူနွှဲရ၏။


လောကဓံကြုံ စိတ်မဖြုံရန်

သားလေးအငယ် သိစေရွယ်၍

ရုပ်သေးဘ၀ အားမကျကာ

ကန်ပါပေါက်ပါ မကြောက်ပါသော

ဘယ်ကိုရောက်ရောက် ဒူးမထောက်ပဲ

ကော့ကာရင်လေး အရောင်ပြေးလို့

ဆေးနီခြယ်သ လှပပဖြင့်

ခန္ဓာလုံးကျစ် မမုန်းရစ်ပဲ

ရောက်ရာအရပ် ဦးခေါင်းမတ်ကာ

စိန်ခေါ်နေဟန် လောကဓံကို

ဖေါ်ကျူးညွှန်ပြ သားအားကျအောင်

သိစရာတွေး ဆင့်ကာပေးသော

မာန်ထောင်တက်ကြွ လှကြီးလှသည့်

ပစ်လိုက်တိုင်းထောင် ပစ်တိုင်းထောင်သာ

လက်ဆောင်ဝယ်ခါပေးတော့၏။

သားချစ် ရင်ဒေါ်

“သားချစ် ရင်ဒေါ်” သည် ဗဲလဒ်(Ballad)ကဗျာ အမျိုးအစားဖြစ်သည်။ ခေတ်စမ်းစာဆိုကြီးက “Lord Randall” ကို “သားချစ်ရင်ဒေါ်” ဟူ၍ ဘာသာပြန် မြန်မာမှုပြုခဲ့ပါသည်။ ချစ်သူက အဆိပ်ခတ်သတ်လိုက်သဖြင့် အဆိပ်မိကာ မိခင်ထံပြန်လာ၍ သေရရှာသော သား၏ဘ၀ဇာတ်သိမ်းကို ရေးဖွဲ့ထားသော အလွမ်းဇာတ် ကဗျာမျိုးဖြစ်သည်။


သားချစ် ရင်ဒေါ်


ရင်ဒေါ် သက်ထား၊ မေ့သည်းကြား

ဘယ်များရောက်ခဲ့တယ်။

နုပျိုဖွံ့ထွား၊ မေ့ချစ်သား

ဘယ်များရောက်ခဲ့တယ်။


စုံမြိုင်တစ်ခွင်၊ လေးကိုတင်

သမင်လိုက်ရင်း ရောက်ခဲ့တယ်။

ညောင်စောင်းကိုပြင်၊ အို မိခင်

ပင်ပန်းနွမ်းလျ၊ နားချင်လှ။


ရင်ဒေါ်သက်ထား၊ မေ့သည်းကြား

ဘူများ ညစာ ကျွေးလိုက်တယ်။

နုပျိုဖွံ့ထွား၊ မေ့ချစ်သား

ဘူများ ညစာ ကျွေးလိုက်တယ်။


ပျော်ပျော်ပါးပါး၊ နှစ်ယောက်သား

ရည်းစားညစာ ကျွေးလိုက်တယ်။

ညောင်စောင်းကိုပြင်၊ အို မိခင်

ပင်ပန်းနွမ်းလျ၊ နားချင်လှ။


ရင်ဒေါ်သက်ထား၊ မေ့သည်းကြား

ဘာများ စားခဲ့တယ်။

နုပျိုဖွံ့ထွား၊ မေ့ချစ်သား

ဘာများ စားခဲ့တယ်။


ငါးမြွေရေဆုပ်၊ တစ်တစ်ခုတ်

ဟင်းပြုတ်ရည်ချို စားခဲ့တယ်။

ညောင်စောင်းကိုပြင်၊ အို မိခင်

ပင်ပန်းနွမ်းလျ၊ နားချင်လှ။


ရင်ဒေါ်သက်ထား မေ့သည်းကြား

ခွေးများ ဘယ်မှာရှိကြတယ်။


ဗိုက်ပူနံကား၊ ဖောယောင်သွား

ခွေးများ သေလို့ ကုန်ပါတယ်။

ညောင်စောင်းကိုပြင်၊ အို မိခင်

ပင်ပန်းနွမ်းလျ၊ နားချင်လှ။


ရင်ဒေါ်သက်ထား၊ မေ့သည်းကြား

ဆိပ်စားမိခဲ့ပြီ ထင်တယ်။

နုပျိုဖွံ့ထွား၊ မေ့ချစ်သား

ဆိပ်စားမိခဲ့ပြီ ထင်တယ်။


မွေးမေကြင်မြတ်၊ သားသက်မှတ်

ဆိပ်ခတ်ခံခဲ့ရပါတယ်။

ညောင်စောင်းကိုပြင်၊ အို မိခင်

ဝမ်းရင်နာစွ နားချင်လှ။