သားချစ် ရင်ဒေါ်

“သားချစ် ရင်ဒေါ်” သည် ဗဲလဒ်(Ballad)ကဗျာ အမျိုးအစားဖြစ်သည်။ ခေတ်စမ်းစာဆိုကြီးက “Lord Randall” ကို “သားချစ်ရင်ဒေါ်” ဟူ၍ ဘာသာပြန် မြန်မာမှုပြုခဲ့ပါသည်။ ချစ်သူက အဆိပ်ခတ်သတ်လိုက်သဖြင့် အဆိပ်မိကာ မိခင်ထံပြန်လာ၍ သေရရှာသော သား၏ဘ၀ဇာတ်သိမ်းကို ရေးဖွဲ့ထားသော အလွမ်းဇာတ် ကဗျာမျိုးဖြစ်သည်။


သားချစ် ရင်ဒေါ်


ရင်ဒေါ် သက်ထား၊ မေ့သည်းကြား

ဘယ်များရောက်ခဲ့တယ်။

နုပျိုဖွံ့ထွား၊ မေ့ချစ်သား

ဘယ်များရောက်ခဲ့တယ်။


စုံမြိုင်တစ်ခွင်၊ လေးကိုတင်

သမင်လိုက်ရင်း ရောက်ခဲ့တယ်။

ညောင်စောင်းကိုပြင်၊ အို မိခင်

ပင်ပန်းနွမ်းလျ၊ နားချင်လှ။


ရင်ဒေါ်သက်ထား၊ မေ့သည်းကြား

ဘူများ ညစာ ကျွေးလိုက်တယ်။

နုပျိုဖွံ့ထွား၊ မေ့ချစ်သား

ဘူများ ညစာ ကျွေးလိုက်တယ်။


ပျော်ပျော်ပါးပါး၊ နှစ်ယောက်သား

ရည်းစားညစာ ကျွေးလိုက်တယ်။

ညောင်စောင်းကိုပြင်၊ အို မိခင်

ပင်ပန်းနွမ်းလျ၊ နားချင်လှ။


ရင်ဒေါ်သက်ထား၊ မေ့သည်းကြား

ဘာများ စားခဲ့တယ်။

နုပျိုဖွံ့ထွား၊ မေ့ချစ်သား

ဘာများ စားခဲ့တယ်။


ငါးမြွေရေဆုပ်၊ တစ်တစ်ခုတ်

ဟင်းပြုတ်ရည်ချို စားခဲ့တယ်။

ညောင်စောင်းကိုပြင်၊ အို မိခင်

ပင်ပန်းနွမ်းလျ၊ နားချင်လှ။


ရင်ဒေါ်သက်ထား မေ့သည်းကြား

ခွေးများ ဘယ်မှာရှိကြတယ်။


ဗိုက်ပူနံကား၊ ဖောယောင်သွား

ခွေးများ သေလို့ ကုန်ပါတယ်။

ညောင်စောင်းကိုပြင်၊ အို မိခင်

ပင်ပန်းနွမ်းလျ၊ နားချင်လှ။


ရင်ဒေါ်သက်ထား၊ မေ့သည်းကြား

ဆိပ်စားမိခဲ့ပြီ ထင်တယ်။

နုပျိုဖွံ့ထွား၊ မေ့ချစ်သား

ဆိပ်စားမိခဲ့ပြီ ထင်တယ်။


မွေးမေကြင်မြတ်၊ သားသက်မှတ်

ဆိပ်ခတ်ခံခဲ့ရပါတယ်။

ညောင်စောင်းကိုပြင်၊ အို မိခင်

ဝမ်းရင်နာစွ နားချင်လှ။

4 comments:

RePublic said...

ကျွန်တော် ခံစားလို့ရပါတယ် ၊

Bo Hein said...

လုပ်ရက်လိုက်တာဗျာ။

Anonymous said...

သနားစရာပဲ စိတ်မကောင်းလိုက်တား( ဝေမျှတာ ကျေးဇူး ကိုဝဿန် ။

Saing Khan Tun said...

အဲလိုအဖြစ်မျိုးတွေ အများကြီးပဲ ....
မိတဲ့ အဆိပ်ပဲကွာမယ်ထင်ပါတယ် ....
အဆိပ်မိမှန်းတောင်သိပါလေစ .....