Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

နှစ်ဦးဆုတောင်း

နှစ်ဟောင်းကုန်ပြန် နှစ်သစ်ဖန်သား

ထက်ဝေယံအုံ့ လေပြန်လှုံ့ကာ

ဟေမန်ချိန်နှောင်း နွေလှန်ပြောင်းသည့်

သင်္ကြန်ခါကျူး လတန်ခူးလည်းရောက်ခဲ့ပြီ……..။



သေမင်းနှင့်ပြိုင် ငါအနိုင်ဟု

အသက်ပေးကာ မွေးဖွားလာသည့်

အနန္တဂိုဏ်းဝင် မွေးမိခင်အား

နှစ်ဟောင်းညစ်ကြေး တာရေအေးဖြင့်

သွန်းကာဆေးကြော နွေအစောမှာ

ကဗျာမပီ စာမမှီဖြင့်

မိုင်ချီဝေးကွာ တိုင်းနေရာမှ

ကျန်းမာစေကြောင်း ဆုမွန်တောင်းကာ

အပြစ်ကြီးငယ် ကြေစေရွယ်သား

ဆယ်ဖြာလက်မိုး ဦးတင်(ရှိ)ခိုး၍

ကြည်နူးရည်မှတ် ကန်တော့အပ်သည်

အိုဘယ့် မိခင် စိတ်အစဉ်တွင်

ကြည်နူးရွှင်မြနိုင်စေသော်……..။



စားဝတ်နေမှု ဤစုစုကြောင့်

နှဖူးခြေမ ချွေးကျသည့်ပြင်

သွန်သင်ဆုံးမ နည်းလမ်းပြသည့်

အနန္တဂိုဏ်းဝင် ကျွေးဖခင်အား

ရော်ဝါရွက်ဝေ ညှာလိမ်ကြွေသည့်

တာရေပက်ဖြန်း မေတ္တာလွှမ်းသော

ပျော်ရွှင်မြူးတူး သင်္ကြန်ဦးမှာ

ကဗျာအညံ့ စာမခန့်ဖြင့်

မနီးဝေးကွာ တစ်ပြည်ရွာမှ

ကျန်းမာစေကြောင်း ဆုမွန်တောင်းကာ

ကံသုံးပါးအား လွတ်စေသားဟု

ဆယ်ဖြာလက်အင် ကြာဖူးသွင်ဖြင့်

ကြည်ညိုလေးမြတ် ကန်တော့အပ်သည်

အိုဘယ့် ဖခင် စိတ်အစဉ်မှ

နားဆင်ကြည်နူးနိုင်စေသော်……..။