နံနက်ခင်းလေး

ပုရစ်ဖူးဝေတဲ့ နွေဦးလေအဝှေ့မှာ

ယှက်တွယ်ယုယ သမုဒယအချိုတွေကို

ခုံမင်စွာစားသုံးမိနေရင်း…..

အရာရာ အနိစ္စ စိတ်မချစရာတွေချည်းပါပဲလားဆိုတဲ့

အသိလေးတစ်ခုနဲ့……

အတိတ်က အရာများ အနိစ္စပါတကားလို့တွေးကာ

အတွေးတပူပူနဲ့ ဘေးလူတွေမသိအောင်…..

မပြင်မဆင် မခြယ်မသ

ရင်ခွင်မှာ တကယ်လှတဲ့

ငယ်စဉ်ဘ၀ရဲ့ ထာဝရတရားတွေ

စိတ်အစဉ်မှာ အရိပ်ထင်ကာနေပေမယ့်လဲ…..

ဪ…..အခုတော့

ကြည့်သမျှ သိသမျှ

ထိသမျှ ငြိသမျှ

တစ်စတစ်စ ခဏခဏ

တသသ လွမ်းကာ.....

ဘ၀ဆိုတဲ့ရေပြင်ကျယ်

လှိုင်းထန်ထန် လှေလူးလူး နေစူးစူးမှာ…..

အသိတရားနုနု ဘ၀မုန်တိုင်းထန်ထန်နဲ့တွေ့မှ

အမှားတွေကို

မလိမ်နိုင်တော့ပါဘူးအမေရယ်

အမေ့ရဲ့ကြိမ်ဒဏ်ကမှတော်သေးတယ်…..

သားရဲ့ဘ၀မှာ

အဖြေညှိမရတဲ့ ပဟေဠိညတွေ များလှပါပြီ….

ရေမထိပန်းလို ကြွေညစ်မနွမ်းလိုပါဘူး

ပင်မြင့်ပန်းလို အစဉ်သဖြင့်လန်းလိုပါတယ်အမေ…..

ဒါကြောင့်မို့…

မိုင်ပေါင်းရာချီ ပြန်ပြောင်းကာမရေနိုင်တဲ့

အမျိုးသွေးဖယ်ကွာ ဟိုးအဝေးနယ်ရွာမှ

မနှေးအမြန် အပြေးပြန်ကာလာနိုင်မယ့်

မြူနှင်းဝေေ၀ ရှုခင်းတွေလှနေမယ့်

တစ်ခုသောနေ့ရဲ့

နံနက်ခင်းလေးကို အမြန်ရောက်ပါရစေတော့လို့

ဆုတောင်းနေမိပါတယ်အမေ…….။

2 comments:

Unknown said...

ကိုဝဿန်ဦးတစ်ယောက်
မြူနှင်းဝေေ၀ ရှုခင်းတွေလှနေမယ့်
တစ်ခုသောနေ့ရဲ့
နံနက်ခင်းလေးကို အမြန်ရောက်ပါစေလို့ .......

Anonymous said...

ကျွန်တော်လည်းလာလည်ရင်း
ဆုတောင်းပေးပါတယ်ဗျာ။