တိုးအေးပေါ်မှ အိုမိခင်

အခုကဗျာလေးကို ရေးတဲ့သူကတော့ ကဗျာဆရာသမိန်သောင်း ဖြစ်ပါတယ်။ ကဗျာလေးရဲ့ အကြောင်းကတော့ ၁၉၇၃ ခုနှစ်မှာ ရန်ကုန်နှင့်ဒလကူးတဲ့ တိုးအေးသင်္ဘော နစ်ရာမှာ ခရီးသည်တော်တော်များများ သေကြေခဲ့ကြတယ်။ အလောင်းတွေကို ရက်ပေါင်းများစွာ ကြာအောင် ဆယ်ကြရတယ်တဲ့ ၊ ဆယ်ငါးရက်လောက် ကြာတဲ့အခါ တိုးအေးသင်္ဘော ပေါ်မှာ မိခင်တစ်ဦးရဲ့ အလောင်းကိုတွေ့ကြရသတဲ့။ နို့်စို့အရွယ် ကလေးကို ရင်ခွင်မှာ ပွေ့ဖက်ရင်း သေဆုံးနေတယ်တဲ့။

လူဆိုတာ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ဆိုကြတယ်။ သို့ပေမယ့် “ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့ စကားပုံကို ဆန့်ကျင်လိုက်တဲ့ ဤမိခင်ရဲ့ အဖြစ်လေးကို ခံစားကြည့်ကြပါစို့နော်….


တိုးအေးပေါ်မှ အိုမိခင်


မမျှော်မလင့် ၊ မိုးကြိုးသင့်သို့

ရင်နင့်ဖွယ်ရာ ၊ သည်းဆတ်ခါမျှ

ကြမ္မာကံဆိုး ၊ လွမ်းဇာတ်ပျိုးသည်

တိုးအေးနစ်သော ထိုတစ်နေ့ ။


ထိုနေ့မှသည် ၊ ညညနေ့နေ့

မြင်တွေ့မကောင်း ၊ သည်ဖြစ်ကြောင်းမှာ

အလောင်းထပ်မျှ ၊ မြင်နေခဲ့ရ ။


နေ့ရက်လျား၍

ဆယ့်ငါးရက်မြောက် ၊ ခါချိန်ရောက်မှ

ရေအောက်ကဖေါ် ၊ “တိုးအေး” ပေါ်ဝယ်

ညှိုးလျော်ကြေကွဲ ၊ မိခင်ဇွဲကို

အသဲနင့်ဖွယ် ၊ မြင်ရသည် ။


အရိုးစုမျှ ၊ ကြွင်းသော်မှပင်

ချစ်လှရင်သွေး ၊ သူ့ကလေးအား

ထွေးဆဲပိုက်ဆဲ ၊ ယုယဆဲဟု

သဲသဲမဲမဲပြနေသူ ။


ရေစီးကလှုပ် ၊ လှိုင်းကပုတ်၍

စုပ်သည့်ရေမွှား ၊ စားသည့်ရေပိုး

အကြောင်းဆိုးလည်း

တိုးကာ ကပ်ကာ ၊ မေ့သည်းချာအား

မကွာမကွဲ ပိုက်ပွေ့ဆဲ ။


အို ....... မိခင်

သင် ဘေးကင်းရာ

ကူးခပ်ပါ၍ ၊ လွတ်ရာအဝေး

ပြေးနိုင်ပါလျက် ၊ မပြေးရက်၍

အသက် စတေးလိုက်ရော့လား ။


အို ....... မိခင်

“ကိုယ်လျှင်မချိ ၊အမိသော်လဲ

သားတော်ခဲ” ဟု

စွဲလာဆိုထုံး ၊ စကားလုံးကို

ချေမှုန်း တော်လှန်လိုက်ရော့လား ။


အို ……. မိခင်

သင်နှင့်အတူ ၊ သင့်သည်းအူနှယ်

ရည်တူပြည့်သိပ် ၊ “မိခင်စိတ်” ဖြင့်

ယိုဖိတ်မေတ္တာ ၊ စေတနာကို

ခါခါ ဦးညွှတ်လိုက်ပါ၏ ။

3 comments:

တင့်ထူးရွှေ said...

အခုလို ရှာဖွေ ဖော်ပြပေးတာ ကျေးဇူးတင်ပါတယ်
ဘာနဲ့မှ နှိုင်းယှဉ်လို့ မရတဲ့ မိခင်မေတ္တာ ...

အညာသား said...

ကဗျာကိုဖတ်ပြီး အမေ့ကိုလွမ်းလိုက်တာ သူငယ်ချင်းရာ။ ကောင်းတယ်ကွာ။ တကယ်ကောင်းတယ်။

Anonymous said...

ဒီကဗျာလေးက တစ်မျိုးလေးပဲနော်. မိခင်မေတ္တာကို ဖော်ကျူးတာဆိုတော့ တစ်မျိုးလေး ခံစားရတယ်။ =)