ကျောင်းအပ်ချိန်

ရင်ဝယ်ချမ်းမြ သမီးလှနှင့်
သားလှရတနာ မေ့သည်းချာကို
ပညာအမွေ ပေးနိုင်စေဖို့
လာလေသွားစို့ ကျောင်းအပ်ဖို့လျှင်
ကြိုလို့ပြင်ဆင် ပျော်ပျော်ရွှင်ပေါ့
ရင်ကော့ခေါင်းမော့ ခပ်ကြော့ကြော့နှင့်
သော့သော့လျင်လျင် ကျောင်းသို့ဝင်ပြီ
မိခင်ပြုံးနိုင်လွန်းတကား။ ။

ပန်းတောင်းသန်းကြွယ်

နှစ်ဦးဆုတောင်း

နှစ်ဟောင်းကုန်ပြန် နှစ်သစ်ဖန်သား
ထက်ဝေယံအုံ့ လေပြန်လှုံ့ကာ
ဟေမန်ချိန်နှောင်း နွေလှန်ပြောင်းသည့်
သင်္ကြန်ခါကျူး လတန်ခူးလည်းရောက်ခဲ့ပြီ……..။


သေမင်းနှင့်ပြိုင် ငါအနိုင်ဟု
အသက်ပေးကာ မွေးဖွားလာသည့်
အနန္တဂိုဏ်းဝင် မွေးမိခင်အား
နှစ်ဟောင်းညစ်ကြေး တာရေအေးဖြင့်
သွန်းကာဆေးကြော နွေအစောမှာ
ကဗျာမပီ စာမမှီဖြင့်
မိုင်ချီဝေးကွာ တိုင်းနေရာမှ
ကျန်းမာစေကြောင်း ဆုမွန်တောင်းကာ
အပြစ်ကြီးငယ် ကြေစေရွယ်သား
ဆယ်ဖြာလက်မိုး ဦးတင်(ရှိ)ခိုး၍
ကြည်နူးရည်မှတ် ကန်တော့အပ်သည်
အိုဘယ့် မိခင် စိတ်အစဉ်တွင်
ကြည်နူးရွှင်မြနိုင်စေသော်……..။


စားဝတ်နေမှု ဤစုစုကြောင့်
နှဖူးခြေမ ချွေးကျသည့်ပြင်
သွန်သင်ဆုံးမ နည်းလမ်းပြသည့်
အနန္တဂိုဏ်းဝင် ကျွေးဖခင်အား
ရော်ဝါရွက်ဝေ ညှာလိမ်ကြွေသည့်
တာရေပက်ဖြန်း မေတ္တာလွှမ်းသော
ပျော်ရွှင်မြူးတူး သင်္ကြန်ဦးမှာ
ကဗျာအညံ့ စာမခန့်ဖြင့်
မနီးဝေးကွာ တစ်ပြည်ရွာမှ
ကျန်းမာစေကြောင်း ဆုမွန်တောင်းကာ
ကံသုံးပါးအား လွတ်စေသားဟု
ဆယ်ဖြာလက်အင် ကြာဖူးသွင်ဖြင့်
ကြည်ညိုလေးမြတ် ကန်တော့အပ်သည်
အိုဘယ့် ဖခင် စိတ်အစဉ်မှ
နားဆင်ကြည်နူးနိုင်စေသော်……..။

အမေ့လက်

မောင့်ချစ်သက်၏၊ လက်ဖ၀ါးနု
သွေးဥရောင်လွှမ်း၊ ၀ါဂွမ်းနှယ်အိ
ကိုင်မထိရက်၊ ချွန်ထက်လက်သဲ
ဆေးရောင်မြဲခြယ်၊ ပျက်ပြယ်မရှိ
နုနယ်ဘိတောင်း၊ ဖေါ့ဖယောင်းနှယ်
ပျော့ပျောင်းသွယ်လွ
အလှပြည့်နှက်၊ ချစ်သူ့လက်။

မောင့်မိခင်၏၊ ညိုလွင်ပြာနှမ်း
မာကြမ်းကွဲအက်၊ လက်ဖ၀ါးပြင်
ရင့်ရော်သွင်မှာ၊ ဆယ်ဖြာလက်ချောင်း
ပြည့်ဖေါင်းမညက်၊ ညံ့သက်မှုကင်း
ရောင်ဆင်းညှိုးမဲ၊ လက်သဲငုံးတိ
ချေးညှော်ပြည့်မွ
အလှပျက်ပြယ်၊ အမေ့လက်။

ဖေါင်းအိနုညက်၊ ချစ်သူ့လက်နှင့်
ရော်ရင့်ကြမ်းခက်၊ အမေ့လက်တွင်
သိမြင်လာရ၊ "အလှ" "အလုပ်"
ခွဲထုတ်ချေမိ၊ အမေ၏လက်
အလုပ်လက်သည်
အသက်တမျှ၊ မနားရချေ
ဘ၀ခရီး
သားသမီးတွက်၊ ထိုလက်အစွမ်း
ဘ၀လမ်းတွင်၊ လှပန်းဆင်ခဲ့
အားမာန်ဖွဲ့ရစ်၊ သည်အဖြစ်ကြောင့်
အချစ်၏လက်၊ ပြောင်းသွယ်ညက်စေ
အမေ၏လက်၊ အလုပ်လက်သာ
နှစ်သက် ဂုဏ်ယူ ဘွယ်တကား။

ခင်သူသူဝင်း (ငွေတာရီ၊ ၁၉၇၈ခုနှစ် ဧပြီလ)
သူငယ်ချင်းတစ်ယောက် ပို့ပေးတဲ့ မေးလ်ထဲမှ ကဗျာလေးတစ်ပုဒ်ဖြစ်ပါတယ်။

အမယ့်ပါးက သနပ်ခါး။

ဤကျောက်ပြင် ပေါ်အထက်မှာဖြင့်

ကျော်ကရက်မက် အနှစ်တုံးကိုလ

နံ့သာဖြူ အသာရောတဲ့ပြင်

မပြစ်ကျဲ အရည်ဖျော်ကာပ

ဘယ်ဝိုင်းညာ အသာသွေးပါလို့

လိမ်းခြယ်သ နံ့သာကြိုင်ဆင်း

ရနံ့တွင်း ပြိုင်ဘက်ကင်းတာကြောင့်

ပြင်းပြင်းဖွေး လိမ်းကာခြယ်ကာပ

သင်းသင်းမွှေး တကယ်လှလို့

တအားကုန် မွှေးကာရှိုက်လိုက်မယ်

အမယ့်ပါးက သနပ်ခါး။

အရိပ်မဲ့ပန်း မနွမ်းစေချင်

ကျွန်တော်တို့တွေသည် ဒုက္ခရောက်နေသောသူများ၊ ဆင်းရဲနွမ်းပါးနေသော ကလေးသူငယ် များနှင့် သက်ကြီးရွယ်အို ဘိုးဘွားမိဘများကို မြင်သိ၊ ကြားသိရသောအခါ..“သြော်..သနားစ ရာကောင်းလိုက်တာ၊ စိတ်မကောင်းလိုက်တာ..” စသဖြင့် ၀ဇီကံမှု၊ မနောကံမှုတို့ဖြင့် ကရုဏာဖြစ်နေရုံနှင့် ရပ်နေလို့မသင့်တော်ပါဘူး။ သူတို့အတွက် မိမိတို့တွေ တက်နိုင်သ လောက် ထောက်ပံ့ပေးနိုင်မှု ကာယကံ ကရုဏာမြောက်အောင် လုပ်မှသာလျှင် သူတို့အတွက်လည်း အကျိုးရှိပါလိမ့်မယ်။ လှူဒါန်းမှုနည်းသည်၊ များသည်ကတော့ မိမိတို့ ၀င်ငွေနှင့်မိမိအတိုင်းအတာကြောင့် ကွဲခြားမှုတော့ရှိပါလိမ့်မယ်။ သို့သော် မိမိတို့စိတ်မှာ မေတ္တာ၊ ကရုဏာ သက်ဝင်လှူဒါန်းမှု၊ စေတနာထက်သန်မှုကသာ ပဓာန ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့သည်လည်း တက်နိုင်တဲ့ဘက်မှ၊ တက်စွမ်းသလောက် ပါဝင်လှူဒါန်း နေခြင်းဖြစ်ပါတယ်။ မိုးစက်ပေါင်းများစွာ စုပေါင်းရာမှ မြစ်၊ ချောင်းတွေဖြစ်လာရသလို ကျွန်တော်တို့တွေအားလုံး အနည်းငယ်မျှပင် ဖြစ်ပါစေ တထောင့်တနေရာမှ လှူဒါန်းမှု၊ စောင့်ရှောက်မှုတွေလုပ်သွားကြမည်ဆိုလျှင် ကျွန်တော်တို့တွေရဲ့ ညီ၊ အကို၊ မောင်နှမ၊ ဘိုးဘွား၊ မိဘတွေမှာ အနှိုင်းမရတဲ့ ပီတိအပြုံးနဲ့ စားသုံး နိုင်ကြမှာပါ။ ဒါကြောင့် နည်းသည်၊ များသည် ပဓာန မထားဘဲ၊ အသင်းလိုက်ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ လစဉ်စုပေါင်း၍ ဖြစ်စေ အမိမြေမှ သားချင်းများကို တက်စွမ်းသမျှ ဖေးကူရအောင်လို့ တိုက်တွန်းပါရစေ။

အရိပ်မဲ့ပန်း ၊မနွမ်းစေချင်၊
ကရုဏာဝင်၍၊

တတ်စွမ်းသမျှ၊ လှူဒါနဖြင့်၊

ကူညီဖေးမ၊ ပရဟိတ…….။

ကျွန်တော်တို့လူမျိုးတွေဟာ အလှူအတန်းမှာတော့ အင်မတန် ရက်ရောကြတယ်ဆိုတာ အားလုံးသိနေပြီးဖြစ်ပါတယ်။ သို့သော် ဆွမ်းတစ်နပ်မရသေးတဲ့ ဆရာတော်ကို လှူလိုက်ရမှာ၊ ဒုက္ခအတိရောက်နေတဲ့ ကလေးသူငယ်တို့ကို ကျွေးမွေးစောင့်ရှောက်ရမှာ ၀န်လေးတတ်ကြ တယ်။ ပါးစပ်ကပဲ သနားလွယ်ကြပါတယ်။ ကာယကံမြောက်ကရုဏာ မဖြစ်ကြပါဘူး။ မလိုအပ်တဲ့ နေရာတွေမှာ ဘုရားတည်၊ ကျောင်းဆောက်ပြီး ဘုရားဒကာဖြစ်ချင်ကြပါတယ်။ လိုအပ်တဲ့ နေရာမှာ အိမ်သာတောင် မဆောက်ပေးချင်ကြပါဘူး။ ယခုပစ္စုပ္ပန်အချိန်မှာ လိုအပ်နေတာတွေ အများကြီး ရှိနေတယ်။ ဒါလေးတွေကို သိစေချင်ပါတယ်။ ဘုရားရှင်ဟောတော်မူခဲ့တာလေး ရှိပါတယ်။ “ဒါနအကြောင်းကို ငါဘုရားလောက်သာ သိမယ်ဆိုရင် ကိုယ်စားမယ့် ထမင်း လုပ်ကိုတောင် မစားဘဲ လှူဒါန်းကြလိမ့်မယ်လို့” မိန့်ဆိုခဲ့ပါတယ်။ တစ်ကယ်သာသနာပြု တယ်ဆိုတာကလည်း ဘုရားတည် ကျောင်းဆောက်တာမှ သာသနာပြုတယ်မခေါ်ဆိုပါဘူး။ သာသနာသည်လည်းဘဲ အဆောက်အဦး မဟုတ်ပါဘူး။ သာသနာပြုတယ်ဆိုတာ ဗုဒ္ဓအဆုံး အမတွေကို ကိုယ့်နှလုံးသားနဲ့ အခြားသူတွေရဲ့နှလုံးသားမှာ တည်အောင်ကြိုးစားတာကမှ တကယ့်သာ သနာပြုတာပါ။ ဗုဒ္ဓအဆုံးအမတွေက ဘာလဲဆိုတာ ပြန်လည်သုံးသပ်ကြည့် စေချင်ပါတယ်။ အတိုဆုံးခြုံပြောရရင်.. ကောင်းမှုမှန်တာမျှအကုန်လုပ်၊ မကောင်းတာမှန်သမျှ ဘာမှ မလုပ်နဲ့၊ စိတ်ကိုဖြူအောင်ထားဖို့ပါ။ ဒါ့ကြောင့် ကောင်းမှုဒါနလုပ်ရာမှာလည်း “မရွေးချယ်ဘဲ ရမ်းလှူသောဒါနသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာပေါများကြွယ်ဝသော်လည်း ဉာဏ်ထိုင်းသူ မဂ်ဖိုလ်မရနိုင်သူဖြစ်ရသည်။ လောကအတွက်၊ သာသနာအတွက် ဉာဏ်ယှဉ်ပြီး ရွေးချယ်လှူဒါန်းသူများသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာပေါများ ချမ်းသာရသလို ဉာဏ်လည်းကောင်းသည်။ တရားတစ်ကြိမ်နာရုံနှင့် မဂ်ဖိုလ်ရနိုင်သည်။ ပညာမဲ့သူသည် ဘ၀ကို ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပယ်လေးပါးသို့သွားသည်။ ပညာရှိသည် လူ့ဘ၀ ကုသိုလ်ရဖို့အတွက်အသုံးချ၍ နိဗ္ဗာန်သို့သွားသည်” ဟု ဆရာတော် အရှင်ဇ၀န (မေတ္တာရှင်)က ဆုံမတရားရေးပေးခဲ့ပါတယ်။

ယခုလက်ရှိအချိန်မှာ အမှန်တကယ်လိုအပ်နေသော နေရာလေးတစ်ခုကို ညွှန်ပြလိုပါတယ်။ လူမျိုးစုံ၊ ဘာသာစုံ မိဘမဲ့ကလေးငယ်များနှင့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ခိုလှုံ ရောက်ရှိလာရ သော မိဘမဲ့ကလေးပေါင်း(၆၀၀)ကျော်ကို ဆရာတော်ဘုရား၏ ကြီးမားသော ကရုဏာနှင့် စောင့်ရှောက်ထားလျက်ရှိပါတယ်။ သို့သော် ကလေးငယ်များ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး၊ ပညာရေးအတွက် ဘက်စုံပြည့်စုံရန်မှာ အင်မတန် ခက်ခဲလျက်ရှိပါတယ်။ လိုအပ်နေရာ၊ လိုအပ်တဲ့အချိန်၊ လိုအပ်တာလေးတွေကို လှူရတာဟာ အင်မတန်မြင့်မြတ်တဲ့ ဉာဏ်နှင့်ယှဉ်သော ဒါနမျိုးဖြစ်ပါတယ်။ ယခုသူတို့လေးတွေဟာ…

  • ဂျင်းတစ်တက်နဲ့ ဟင်းချက်နေကြရရှာတယ်။
    ဗလာတစ်အုပ်နဲ့ ကဗျာတစ်ပုဒ်ရွတ်နေကြတယ်။
    တီရှပ်တစ်ထည်နဲ့ ရယ်တတ်နေကြတယ်။
    ဆားတစ်ဆုပ်နဲ့ တအားတုတ် နေကြတယ်။
    ဂေါ်ရခါးသီးနဲ့ အပျော်တအားကြီးနေကြတယ်။
    အ၀တ်တစ်ထည်နဲ့ ချစ်စဖွယ် ဖြစ်နေကြတယ်။
    အချင်းချင်း ချစ်တတ် နေတတ် စိုးရိမ်တတ်ကြတယ်။

“အပင်ရှင်သန် ပန်းတိုင်းပွင့်ဖို့ မြေဆီ ရေနေ လိုအပ်သလို ထမင်းနှစ်နှပ်နဲ့ ရေရှည် ရပ်တည်ဖို့ သူတို့ ထူးချွန်ပြောင်မြောက် လူလားမြောက်ဖို့ သူတို့ အနာဂါတ်လေးတွေ လှပရှင်သန်စေဖို့
ကျွန်တော်တို့၊ ကျွန်မတို့ မေတ္တာ၊ ဂရုဏာ စေတနာနဲ့ ပြုစုစောင့်ရှောက်ကြပါစို့……………၊”

ဦးပဏ္ဍ၀ (ဦးစီးပဓာန နာယကဆရာတော်)
ဒိုးဝင်အောင်ကံသာ ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်း၊
လူမျိုးစုံပြုစုစောင့်ရှောက်ရေးဌာန၊
ပြင်ဦးလွင်မြို့၊
မန္တလေးတိုင်း၊
၃၃မိုင် ၇ဖာလုံ၊ မန္တလေး+ပြင်ဦးလွင် လမ်းဘေးအတက်လမ်း။

ဒိုးပင်သို့ ပါဝင်လှူဒါန်းလိုလျှင်….. မြန်မာနိုင်ငံမှ ပရဟိတ လုပ်ဆောင်နေသူများနှင့် တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။

မောင်သစ်လွင်ထွန်း (starfalls.nazy@gmail.com) ph 02-80211, 02-80322

မသန်းသန်းနု (wgwhitegirl@gmail.com) ph 09-2018506

ကိုဝင်းကျော်သူ (wkthu2006@gmail.com)

Global Net ,Room 1,building 7,Hlaing tsp (01-652232,652324,507054)

ရုံးချိန်(မနက်၉း၀၀ မှညနေ ၅း၃၀ ထိ)(တနင်္လာနေ့မှ စနေနေ့အထိ)

စင်္ကာပူ မှာဆက်သွယ်နိုင်ရန်...
ပိစိ - ၀၆၅-၉၂၃၉၂၄၄၁ (moethu.may@gmail.com)
မငြိမ်း - ၀၆၅-၈၁၅၂၆၈၁၁ (khinchothet@gmail.com)
ကိုသက် - ၀၆၅-၉၃၃၉၂၂၇၀ (kothetsince1986@gmail.com)

ရုရှားရောက်မြန်မာကျောင်းသားများကိုယ်စား ကျွန်တော်တို့၏ ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ် များအသင်း(YMBA) မှ ယခုလတွင် ဒိုးပင်အောင်ကံသာ ပရဟိတလူငယ်ဖွံ့ဖြိုးကျောင်းသို့ တတပ်တအား ပါဝင်လှူဒါန်းသွားမည်ဖြစ်ပါသည်။

ရေးသားတင်ပြသူ- အောင်ဦး


ကိုအောင်ဦး ( ဓမ္မရသ )၏ဘလော့မှ ကူးယူဖေါ်ပြပါသည်။

လောင်းရိပ်မိတဲ့အပင်ငယ်

ရွာအ၀င် ကွင်းဟိုစပ်မှာဖြင့်

တစ်ပင်တည်း ထီးထောင်မတ်ပါတဲ့

ဤပညောင် ကိုင်းခက်ပွင့်တွေက

ဝိုင်းယှက်တင့် အားမာန်လှစ်သောကြောင့်

သူငါများ ခိုကာနားစေရာ

အေးချမ်းသာ အရိပ်စစ်

မိတ်ဖြစ်တာ ကြာပေလည်း

နေရောင်ခြည် ကင်းကွာဝေးစေမက

လေမိုးဒဏ် ဘေးကာဆီးသမို့

ပညောင်ခြေ ပင်ကလေးမှာဖြင့်

လေမိုးနေ ကောင်းစွာမရသောကြောင့်

လောင်းရိပ်မိ နွမ်းရိခွေ…..။


သို့ပေမယ့် အပင်ငယ်

အစဉ်ကွယ် မာန်မလျော့ပါဘူး

နွမ်းဖတ်ယိုင် ပင်ငယ်ဖြစ်ပေလည်း

စိတ်ဓါတ်ခိုင် ပင်စည်မတ်သမို့

ထိုးကာထွက် ပညောင်ခက်ကြား

အခေါင်ထက်နားမှာ သီးပွင့်ဝေရှာပေါ့

ကြီးမြင့်ဝေဖြာတဲ့ သူ့ဂုဏ်အင်ကို

ပညောင်အို လောင်းရိပ်မိုးမိသူ

သဏ္ဍာန်တူ မိခင်ဖတို့မှာ

ဖုံးလွှမ်းကာ ပီတိဝေရှာပေါ့

သီရိဂေဟာ အိမ်ဆောင်နန်းမှာ

ပြုံးရွှင်လို့လန်း…..။

Tag

ကိုယ့်ရဲ့နာမည်.................................. ၀ဿန်ဦး။
သူငယ်ချင်းတွေကဒီလိုခေါ်တယ်.....
....... ဖိုးသား။
ဒီမှာနေတယ်....................................
သုံးဆယ့်တစ်ဘုံမှ လူ့ပြည်။
ဖုန်းဆက်ချင်ရင်.................................
ဖုန်းတစ်လုံး လက်ဆောင်ပို့ပေးပါ။


အကြိုက်ဆုံးတွေက


အရောင်ဆိုရင်...................................
အဖြူ။
အဝတ်အစားဆိုရင်..............................
တီရှပ်/ ရှပ်(လက်ရှည်)။
အစားအစာဆိုရင်................................
လက်ဖက်သုပ်၊ရှောက်သီးသုပ်၊ဂျင်းသုပ်။
ပစ္စည်းဆိုရင်......................................
ဖိနပ်။

သီချင်းဆိုရင်...................................... ခံစားမှုပါသော သီချင်းအေးလေးများ။
စာရေးဆရာ.....................................
.... ဦးဇောတိက၊အရှင်ဆန္ဒာဓိက၊အတ္တကျော်။

စာအုပ်............................................... တစ်ယောက်တည်းနေ တစ်စိတ်တည်းထား။

……………………………………………………. အချစ်ကံခေပေမယ့် အနှစ်ကျန်စေရမယ်။

…………………………………………………….. နေပျော်တဲ့ဘ၀ ကြည်မြတဲ့ဘ၀င် ရွှင်လန်းတဲ့စိတ်။
Life Style...........................................
လွတ်လပ်ပျော်ရွှင်သောဘ၀။

ဝါသနာ.............................................. သီချင်းနားထောင်ခြင်း၊စာအုပ်ဖတ်ခြင်း၊ဘောလုံးကန်ခြင်း။
အလိုချင်ဆုံးလက်ဆောင်.............
........... ဟန်ဆောင်မှုကင်းသောအဖြူထည်လက်ဆောင်။
အချစ်ဆုံးသူက.....................................
မိခင်။
အလေးစားဆုံးသူက..............................
ဖခင်။
အခင်ဆုံးသူငယ်ချင်းက..............
............ ခင်သောသူငယ်ချင်းများ အားလုံး။
အများဆုံးနားလည်မှုပေးနိုင်သူက....
.......... မိဘ။
အမုန်းဆုံးသူက.............
........................
ရင်အခုန်ဆုံးအချိန်................................
. စာမေးပွဲမေးခွန်း မဲနှိုက်ရချိန်။
အကြောက်ဆုံးအချိန်..............................
ဆရာမနှင့် နှုတ်ဖြေစာမေးပွဲဖြေချိန်။
အပျော်ဆုံးအချိန်...................................
ကျက်လာသည့်တစ်ပုဒ်တည်းသောမေးခွန်းနှင့်တိုးချိန်။
အမှတ်တရနေ့......................................
၁၀.၀၆.၂၀၀၈ / ၂၆.၀၆.၂၀၀၈။
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်

တောင်းမဲ့ဆု…………………………………...... မချစ်တတ်မမုန်းတတ်သူဖြစ်ရပါလို၏
အချစ်ဆိုတာ........................................

အမုန်းဆိုတာ........................................
လွဲမှားသွားတဲ့ နားလည်မှု။
အလွမ်းဆိုတာ......................................
အဝေးရောက်ချစ်ခြင်း၏အပိုင်းအစ။
သံယောဇဉ်ဆိုတာ.................................
အချစ်၏မြစ်ဖျားခံရာ ရေသောက်မြစ်တစ်ခု။
ဘဝဆိုတာ..........................................
နေတတ်ရင် ကျေနပ်စရာ။
သူငယ်ချင်းဆိုတာ..................................
သူအားငယ်ရင် အချင်းချင်း အားပေးဖေါ်။
ချစ်သူဆိုတာ........................................
ပြောပြရဘူးတဲ့ဗျ။
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်.....................
ငါဘာမှ မသိသေးပါလား။
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က....................
အတ္တာဟိ အတ္တနော နာထော။
အပြောချင်ဆုံးစကားလေးတစ်ခွန်း..............
ပြီးပါပြီ။

မမကြယ်ကြီးရေ…

ကွဲချင်သလို အကွဲမခံနိုင်လို့ ရေးလိုက်ပါပြီဗျာ.. :P

တမ်းတခြင်း

ဥဩ….ဥဩ သံချိုနှောသည့်

လွမ်းမောသံသာ ကြားခဲပါလည်း

ရင်မှာလွမ်းမြဲ တမ်းတဆဲ။


အုံးကွမ်….အုံးကွမ် အော်မြည်သံပင်

ဝေးကွာနေဆဲ ကြားရခဲမို့

လွမ်းဆွတ်တမ်းတ သတိရ။


ဆောင်းတွင်းအေးအေး မီးဖိုဘေးမှာ

ဝိုင်းအုံစုဖွဲ့ မီးလှုံခဲ့တဲ့

နံနက်ခင်းလေး တမ်းတဆွေး။


ရွာတောင်ဘက်စွန်း ခြံကျယ်ဝန်းမှ

မေမေ့ကိုကြီး ဦးတာတီး၏

သစ်သီးချိုမွှေး စားချင်သေး။


ချဉ်ပေါင်တစ်ခွက် ငပိချက်နှင့်

အတို့အမြုပ် ဦးခေါင်းငုံ့ကာ

ပျော်ရွှင်ကြည်မြ စားခဲ့ကြတဲ့

ထမင်းဝိုင်းလေး တမ်းတဆွေး။

ကျေပါစေရွယ် နို့စက်ငယ်

“လာတုန်းကလည်း တစ်ယောက်တည်းနော့

လက်တွဲခေါ်ကာ ဖေါ်မပါဘူး

ဥစ္စာချည်းနှီး ကိုယ်ထီးတည်း

ပြန်သွားတော့လည်း တစ်ယောက်တည်းနော့

လက်တွဲခေါ်ကာ ဖေါ်မပါဘူး

ဥစ္စာချည်းနှီး ကိုယ်ထီးတည်း”


သံစဉ်စာသား ထိုတေးသွားအား

များစွာသတိ ထားကာရှိကာ

ပဋိပက္ခ ပယောဂနှင့်

မလိုတမာ အဘိဇ္ဖာပြင်

လောဘ၊ဒေါသ မောဟများနှင့်

အစွဲအလမ်း အတ္တလွှမ်းသည့်

ဘဒ္ဒကမ္ဘာ ဤလူ့ရွာမှ

လွတ်မြောက်စေရာ အေးငြိမ်းသာမည့်

တရားစဉ်မှတ် အကျင့်မြတ်အား

စိတ်ထားဖြူနု သီလမှုဖြင့်

ပြုပါစေလို မနောချိုဖြင့်

မေမေ့သည်းချာ သားလက်လျာမှ

ကျေးဇူးအကြီး ဓမ္မနည်းဖြင့်

ဆပ်ခြင်းမမြည် ဆပ်ပါသည်။

ဥယျာဉ်မှူး

ပန်းဟူသည်မှာ ဖူးရာမှငုံ

ငုံရာမှပွင့် ကြွားကြွားဝင့်သော်

လောကမြေ၀ယ် အလှကြွယ်၏။


သို့သော်ဆင့်ကမ်း ပွင့်ယူလှမ်းရန်

ပန်းသဘာဝ မပြည့်ဝမီ

ဖူးစဉ်ပျက်သုဉ်း ဘ၀ဆုံးတာ

ရှိဖူးပါ၏။


တမူမှာကား ဖူးသာဖူးငြား

ငုံမသွားမီ လေနီမိုးကြမ်း

တိုက်ခတ်ရမ်း၍ ငုံခွင့်မသာ

သေဆုံးတာလည်း ရှိဖူးပါ၏။


အချို့မှာကား ငုံသာငုံရ

မပွင့်ရပဲ အလှလည်းညှိုး

ပန်းလည်းကျိုးတာ

မြင်ဖူးပါ၏။


ဖူးစဉ်ခါဝယ် သိမကြွယ်၌

လမ်းမှန်ထောက်ပြ မမှားရအောင်

ပန်းအလှစုံ ဆံဝတ်မှုန်သို့

ညှာတံဝတ်ဖတ် လန်းဆမ်းလတ်ရန်

ပြုစုစိုက်ထိုး ယုယပျိုးကာ

ပေါင်းသင်မြေစွ ရေလောင်းကြသည့်

မြင့်မြတ်လူသား ထိုသူများကို

တင်စားခေါ်ဝေါ် ဂုဏ်တင်ဖေါ်သည်

ကြီးစွကျေးဇူး ဥယျာဉ်မှူး။ ။

Blogger Gathering (Moscow)



ဗော်လဂါမြစ် စီးဆင်းမှု့နဲ့ အတူ ဖြတ်သန်းနေကြတဲ့ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုဟာ ၂၀၀၈ ခုနှစ် ဇူလိုင်လ၁၆ ရက်နေ့ မော်စကိုမြို့ MSU ( Moscow State University ) ကျောင်း ကျောင်းသားဆောင်မှာ အမှတ်တရ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ် အဲဒီ တွေ့ဆုံပွဲမှာ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကြံပေး ဆွေးနွေးခဲ့ကြ ပြီး ၂၀၀၈ ဧပြီလ ရက် ( သင်္ကြန်အကျနေ့ ) ကအကြမ်းဖျင်း ရည်ရွယ်ထားခဲ့တဲ့ ကျွန်တော်တို့ ရဲ့ အမှတ်တရ Website တစ်ခုလုပ်မယ့် ကိစ္စကို အတည်ပြုခဲ့ကြပါတယ် Website မှာပါမယ့် ကဏ္ဍတွေမှာ တာဝန်ယူနိုင်ကြမယ့် အပိုင်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်

နောက်တစ်နေ့ ( ၁၇ ၊ ဇူလိုင် ၊ ၂၀၀၈ နေ့ ) ဟာ ၀ါဆိုလပြည့်နေ့ ဖြစ်တဲ့အားလျော်စွာ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုဟာ MSU ကျောင်း ဘုရားခန်းမှာ ဓမ္မစင်္ကြာ တရားတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အခုလို နေ့ထူးနေ့မြတ်မှာ ကျွန်တော်တို့ ချစ်တဲ့ မြန်မာပြည်သူ ပြည်သားအပါင်း ကိုယ်၏ချမ်းသာခြင်း (သုခိနောဝ) ၊ စိတ်၏ ချမ်းသာခြင်း (ခေမိနောဝ) အပေါင်း နှင့်ပြည့်စုံပြီး ဘေးရန်အပေါင်း က ကင်းဝေးပါစေ ကြောင်း ဆုမွန်ကောင်း တောင်းခဲ့ကြပါတယ် ။ နေ့လည်ခင်းမှာ တော့ အမှတ်တရ ခရီးအဖြစ် ( Коломенский Парк ) ပန်းခြံနဲ့ ဟိုချီမင်း ရင်ပြင်တို့ကို သွားရောက်လည်ပတ် ခဲ့ကြပါတယ် ။

ကျွန်တော်တို့ သူငယ်ချင်းတစ်စုရဲ့ တွေ့ဆုံပွဲကို နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ကျွန်တော်တို့ရဲ့ Blogger ညီ ၊ အစ်ကို ၊ မောင် ၊ နှမ များအားလုံး သိရှိစေဖို့ ၀မ်းသာစရာ သတင်းကောင်း တစ်ခုအနေနဲ့ ဖော်ပြပေးလိုက်ပါ တယ်ခင်ဗျာ ။ ကျွန်တော်တို့ ရဲ့ တွေ့ဆုံပွဲလို နိုင်ငံ အသီးသီးမှာရှိကြတဲ့ Blogger ညီ ၊ အစ်ကို ၊ မောင် ၊ နှမ များလည်း ပျော်ပျော် ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ဆုံတွေ့နိုင်ကြပါစေ လို့ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စု က ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ ။ Blogger များအားလုံးနဲ့ Blog စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ …….

…. ဓမ္မစင်္ကြာတရားတော် ရွတ်ဖတ်ပူဇော်နေစဉ် ….

……. ဆွေးနွေးပွဲနှင့် အမှတ်တရ ခရီး …….

မှတ်ချက် ။ ။ အကြောင်းကြောင်းကြောင့် လူကိုယ်တိုင်မလာနိုင်ပဲ G-talk Phone များနဲ့ ဆွေးနွေးခဲ့ကြတဲ့ Blogger တစ်ချို့ ရှိခဲ့ပေမယ့် ဆွေးနွေးပွဲမှာပါဝင်သူ အားလုံးကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ ။ စုစုပေါင်း (၃၄) ယောက်ပါခင်ဗျာ ။

ကိုရင်ညိန်း၊ တင့်ထူးရွှေ၊ နတ်သျှင်နောင်၊ Black Dream၊ မောင်ကောင်းအောင်၊ လွမ်းလုင်၊ မျှားပြာ၊ ရွှေရောင်ကောင်းကင်၊ လင်းထွန်း၊ လွမ်းသုခ၊ ရတ်မွန်၊ နေချိုအေး၊ ၀ဿန်ဦး၊ မောင်နိုင်၊ မီးပြတိုက်၊ ဇွတ်ဆိုးလေး၊ 4Everlove၊ ထိပေ့သျှင်၊ ကိုစွမ်း၊ ကိုအောင်၊ ညိမ်းညို၊ ဖြိုးငယ်၊ အောင်ဦး၊ နန်းထိုက်ဝင်း၊ မင်းဝေ၊ တင်နွယ်မောင်၊ သုခရိပ်၊ မင်းကျန်စစ်၊ အလွမ်းရောင်၊ စောမဏ္ဍိုင်၊ အညာသားလေး၊ မောင်ငယ်၊ မောင်သုည၊ လွမ်းစေ(မြန်မာပြည်)

လွမ်း

လွမ်းမပြေ မှန်းလေတွေးမိတော့

ကမ်းအခြေ ဖျန်းလေသွေးရယ်နှင့်

လှိုင်းလေက တသွင်သွင်။


တောင်စောင်းထိပ် စေတီရိပ်ဆီက

မှုန်ပျရီ နေခြည်နုမှာဖြင့်

ဝေငှကာ မေတ္တာနှောသံက

နားဝသို့ ချိုချိုလွင်။


တမ်းကာရော် မှန်းမပျော်လည်း

ဝေးအနေ ဆွေးလေသမို့

မြို့နဲ့ခြား တောကြားလေးရယ်က

အမိုးချာ ကျိုးကာပျက်ပေမယ့်

မေတ္တာမှန် ရင့်သန်လွန်းလှတဲ့

အတွေးစ ကလေးဘ၀ရွယ်က

အမေ့အိမ် မွေ့ချိန်လေးများကို

တမ်းတတလွမ်း။

သတိရလိုက်တာ အမေရယ်

(က)

၁၉၈၅

“အမေ သားကို ကျောင်းလိုက်မပို့တော့နဲ့ဗျာ၊ ကျွန်တော်ရှက်တယ်၊ သူငယ်ချင်းတွေက မုန့်သည်မသားလို့ ၀ိုင်းဝိုင်းစကြတယ်”

“သား လမ်းမှာ စက်ဘီးတွေတိုက်မှာ စိုးလို့ပါကွယ်၊ အဓိက က သားပညာတတ်ဖို့ပါ၊ သားလေးပညာတတ်မှ အမေတို့လို မဆင်းရဲမှာလေ၊ သားရှက်တယ်ဆိုရင်လည်း အမေ လိုက်မပို့တော့ပါဘူး၊ သားစာကြိုးစားနော်”

(ခ)

၂၀၀၈

“အဖေ သားကိုကျောင်းလိုက်မပို့တော့နဲ့ဗျာ၊ ကျွန်တော်ရှက်တယ်၊ သူငယ်ချင်းတွေက ဆိုက်ကားသမားသားလို့ ၀ိုင်းဝိုင်းစကြတယ်”

(ဂ)

သားမျက်နှာကို ငေးမောရင်း…….. သတိရလိုက်တာ အမေရယ်…..။


ဇော်မျိုးအောင်(အောင်လံ)

အမေ့မျက်နှာ

ဝေးတစ်မြေမှ ဆွေးသမျှကို

ကဗျာအတု စာအစုဖြင့်

ဇာတိရပ်နေ မွေးအမေသို့

ပို့သပေးစပ် ကန်တော့အပ်သည်

လူလေးအမေ ပီတိဝေလို့

ကြည်ရွှင်ဝမ်းမြောက်နိုင်ပါစေ။


သားမောင်ပေးလာ စာမျက်နှာမှ

ကဗျာတစ်ပုဒ် စာတစ်အုပ်ကို

အမေကြည့်ကာ ပီတိဖြာပြီး

ရွှင်ရာမှလွမ်း မျက်ရည်စမ်းနှင့်

ငါ့သားလူလေး ပုလုကွေးဟု

တမ်းတဆူးနစ် လှစ်ကျူးရင့်ကာ

နှစ်လိုဖွယ်ရာ သား၏စာကို

ရှုမ၀နိုင် လက်ကကိုင်ရင်း

အပြုံးဝေလှိုင် ပီတိမြိုင်သည့်

အမေ့မျက်နှာ မြင်ယောင်လာ

စမ်းနှယ်အေးမည့် သွင်ပြင်ပါ။

ပန်းနှယ်မွှေးမည့် သဏ္ဌာန်ပါ။

လမင်းတစ်ရာ သာနေမှာ။

ဖန်ဆင်းရှင်သို့

ကုန်လွန်ပြီးဆုံး နှစ်ဆယ့်သုံးရှိ

တစ်သုံးလေးခွန် ခုနှစ်မွန်၌

ဝါဆိုဝါခေါင် ရေဖေါင်ဖေါင်ဝယ်

သည်းထန်ရွာကျ ၀ဿန်စကြား

သေမင်းနှင့်ပြိုင် ငါအနိုင်ဟု

ရင်မှပေါက်ဖွား ငါ၏သားကို

မွေးဖွားသန့်စင် မျက်နှာမြင်ရန်

အားယူမာန်ခဲ စိတ်ဝယ်စွဲ၍

ကြီးစွာသတ္တိ များစွာရှိသည့်

အနန္တဂိုဏ်းဝင် မွေးမိခင်အား

ကဗျာမပီ စာမမှီဖြင့်

မိုင်ချီဝေးကွာ တိုင်းနေရာမှ

ကျန်းမာစေကြောင်း ဆုမွန်တောင်းကာ

ဆယ်ဖြာလက်မိုး ဦးတင်(ရှိ)ခိုး၍

ကြည်နူးရည်မှတ် ကန်တော့အပ်သည်

အိုဘယ့် မိခင် စိတ်အစဉ်တွင်

ကြည်နူးရွှင်မြနိုင်စေသော်……….။


တစ်ကိုးရှစ်ငါး ဇွန်လကြား၌

မွေးဖွားသန့်စင် မျက်နှာမြင်ရ

ဖွံထွားချစ်ဖွယ် သားမင်းငယ်ကြောင့်

နှဖူးခြေမ ချွေးစကျလည်း

မပန်းမမော သားငယ်ဇောဖြင့်

ကြိုးစားရှာဖွေ စားဝတ်နေပြင်

အမှားပယ်ဖျောက် လမ်းမှန်ရောက်ရန်

သွန်သင်ဆုံးမ နည်းလမ်းပြသည့်

တောင်မြင့်မိုရ်လား ထင်ယောင်မှားအံ့

အနန္တဂိုဏ်းဝင် ကျွေးဖခင်အား

ကဗျာအညံ့ စာမခန့်ဖြင့်

မနီးဝေးကွာ တစ်ပြည်ရွာမှ

ကျန်းမာစေကြောင်း ဆုမွန်တောင်းကာ

ဆယ်ဖြာလက်အင် ကြာဖူးသွင်ဖြင့်

ကြည်ညိုလေးမြတ် ကန်တော့အပ်သည်

အိုဘယ့် ဖခင် စိတ်အစဉ်မှ

နားဆင်ကြည်နူးနိုင်စေသော်……….။


/*၂၃နှစ်ပြည့်အမှတ်တရ ဤကဗျာဖြင့် မိဘနှစ်ပါးအား ရှိခိုးကန်တော့ပါ၏*/


ဘ၀အိမ်

အိမ်ကလေး

ငြိမ်းအေးခြင်းတွေ ဖူးပွင့်နေတဲ့

မြက်ခင်းစိမ်းစိမ်းလေးထဲက

စုလစ်မွန်းချွန်တွေနဲ့ တခမ်းတနားလှပတဲ့

အိပ်မက်ထဲက ဘ၀အိမ်ကလေး။


ဒီအိမ်ကလေးကို တည်ဆောက်ရင်း

သက္ကရာဇ်ပွင့်ကြွေတွေကို ကောက်ခဲ့တာ

နှစ်ဆယ့်သုံးပွင့် တောင်ရခဲ့ပြီ

အိမ်ကလေးတော့ အပြီးမဆောက်နိုင်သေးဘူး

အိမ်ကလေးပြီးဖို့

သက္ကရာဇ်တွေ ဘယ်လောက်ကောက်ရအုံးမှာလဲ

အိမ် မယိုင်စေဖို့

တိုင်တွေ ထောက်ခဲ့ပေါင်းလဲ များခဲ့ပြီ

တိုင်တွေ ခိုင်စေဖို့

ရိုက်ခဲ့တဲ့သံတွေ ကောက်ခဲ့ပေါင်းလဲ များခဲ့ပြီ

သူရူးတွေထဲ အရူး မဖြစ်စေဖို့

မိုးခါးရေတွေ သောက်ခဲ့ရပေါင်းလဲ များခဲ့ပြီ။


ကြီးမားမေတ္တာ ကရုဏာများနဲ့

အမှားပယ်ဖျောက်လမ်းမှန်ရောက်ဖို့

သင်ကြားပေးသူ လက်ဦးဆရာနှစ်ဆူရဲ့ကျေးဇူးတွေ

ဆပ်မကုန်ပေမယ့် ကျေအောင်တော့ဆပ်ရအုံးမယ်။


ကျနော့်ကိုဝိုင်းကြည့်နေကြတဲ့

ဒေါသထွက်နေတဲ့မျက်နှာ လောဘတက်နေတဲ့မျက်နှာ

မနာလိုတဲ့မျက်နှာ အထာဆိုဖွဲ့မျက်နှာ

ဟန်ဆောင်ထားတဲ့မျက်နှာ မာန်ထောင်လွှားတဲ့မျက်နှာ

ရက်စက်ချင်တဲ့မျက်နှာ အတ္တဆင်တဲ့မျက်နှာတွေကြားမှာ

နေ့ရက်တွေ တစ်ရက်စီချွေခဲ့တယ်။


ဘ၀ရဲ့ လေဟာပြင်မှာ

အကြင်နာကင်းမဲ့ ဝေဒနာသင်းဖွဲ့

ရင်မှာတင်းခံရသူအတွက်

ဆုလာဘ်တစ်ပွင့်ကတော့

အပြုံးတံတားလေးထက် အမုန်းများဝေးလျက်

ဖြေရှင်းကူညီရိုင်းပင်တည်သည့်

အားပေးဖေါ် သူငယ်ချင်းများ။


ဆောက်လုပ်ဆဲအိမ်ကလေးထဲ

ကြည်နူးဖွယ်နေ့ရက်တွေကို ဆွဲဆန့်ပေးသူ

‘ဖန်ပြာခွက်နဲ့ကျောက်စက်ရေ’ အမောပြေအောင်တိုက်သူ

ကူညီပေးသူ လက်တွဲဖေါ်တစ်ယောက်

ခိုဝင်နားကာမှေးစက်

အချစ်ဆိုတဲ့အရာလည်း နိုးထရှင်သန်လို့ပေါ့။


……ဒီလိုနဲ့…..

အတ္တတွေထုံမွှန်းနေတဲ့ ဟန်ဆောင်ခြင်းဝန်းကျင်မှာ

ပျော်ရွှင်စွာကျင်လည်ရင်း

…..ခုတော့…..

တလက်လက်လင်းနေတဲ့ အနာဂတ်ဟင်းလင်းပြင်ထဲက

တစ်ဘ၀မှာ တစ်ခါသာဆောက်ခွင့်ရမယ့်

မပြီးသေးတဲ့ ဆောက်လက်စ အိမ်ကလေးအတွက်

မနက်ဖြန်တိုင်းမှာ
သံတစ်ချက်စီတော့ ရိုက်နေရအုံးမယ်။



/*၂၃နှစ်မြောက်အမှတ်တရ ရေးစပ်ပါသည်*/


အမေ့လက်ဆောင်

တစ်နေ့သောခါ မိမာတာမှ

မမြင်ဝေးကွယ် လူ့ရပ်လယ်သို့

ထွက်ခါပြုစ သားလူလှတွက်

လက်ဆောင်ဖြစ်ရေး စိတ်မှာတွေးကာ

ဘုရားဈေးတန်း ဆိုင်ခန်းတန်းသို့

သားဖြင့်တွဲကာလာခဲ့၏။


တခုသောခန်း ထိုဆိုင်တန်းတွင်

လှပယဉ်ကြော့ လည်တိုင်မော့နှင့်

ခါးသိမ်သေးနုပ် ယမင်းရုပ်သည်

ကတော့မည့်နှယ် ကြိုးမှာနွယ်၏။


ထို့မျှမက ဤဆိုင်ဝတွင်

သွေးသံရဲရဲ ကိုက်ကာခဲမည့်

ဝါနက်ရစ်သုတ် ကျားသစ်ရုပ်သည်

ကြိုးဆွဲတိုင်းမှာ အားမာန်ပါ၏။


သို့ပါသော်ငြား ထိုရုပ်များသည်

သခင်ခေါ်မှ သူမော်ရ၏။

သခင်ထူမှ သူမူရ၏။

သခင်ဆွဲမှ သူနွှဲရ၏။


လောကဓံကြုံ စိတ်မဖြုံရန်

သားလေးအငယ် သိစေရွယ်၍

ရုပ်သေးဘ၀ အားမကျကာ

ကန်ပါပေါက်ပါ မကြောက်ပါသော

ဘယ်ကိုရောက်ရောက် ဒူးမထောက်ပဲ

ကော့ကာရင်လေး အရောင်ပြေးလို့

ဆေးနီခြယ်သ လှပပဖြင့်

ခန္ဓာလုံးကျစ် မမုန်းရစ်ပဲ

ရောက်ရာအရပ် ဦးခေါင်းမတ်ကာ

စိန်ခေါ်နေဟန် လောကဓံကို

ဖေါ်ကျူးညွှန်ပြ သားအားကျအောင်

သိစရာတွေး ဆင့်ကာပေးသော

မာန်ထောင်တက်ကြွ လှကြီးလှသည့်

ပစ်လိုက်တိုင်းထောင် ပစ်တိုင်းထောင်သာ

လက်ဆောင်ဝယ်ခါပေးတော့၏။

သားချစ် ရင်ဒေါ်

“သားချစ် ရင်ဒေါ်” သည် ဗဲလဒ်(Ballad)ကဗျာ အမျိုးအစားဖြစ်သည်။ ခေတ်စမ်းစာဆိုကြီးက “Lord Randall” ကို “သားချစ်ရင်ဒေါ်” ဟူ၍ ဘာသာပြန် မြန်မာမှုပြုခဲ့ပါသည်။ ချစ်သူက အဆိပ်ခတ်သတ်လိုက်သဖြင့် အဆိပ်မိကာ မိခင်ထံပြန်လာ၍ သေရရှာသော သား၏ဘ၀ဇာတ်သိမ်းကို ရေးဖွဲ့ထားသော အလွမ်းဇာတ် ကဗျာမျိုးဖြစ်သည်။


သားချစ် ရင်ဒေါ်


ရင်ဒေါ် သက်ထား၊ မေ့သည်းကြား

ဘယ်များရောက်ခဲ့တယ်။

နုပျိုဖွံ့ထွား၊ မေ့ချစ်သား

ဘယ်များရောက်ခဲ့တယ်။


စုံမြိုင်တစ်ခွင်၊ လေးကိုတင်

သမင်လိုက်ရင်း ရောက်ခဲ့တယ်။

ညောင်စောင်းကိုပြင်၊ အို မိခင်

ပင်ပန်းနွမ်းလျ၊ နားချင်လှ။


ရင်ဒေါ်သက်ထား၊ မေ့သည်းကြား

ဘူများ ညစာ ကျွေးလိုက်တယ်။

နုပျိုဖွံ့ထွား၊ မေ့ချစ်သား

ဘူများ ညစာ ကျွေးလိုက်တယ်။


ပျော်ပျော်ပါးပါး၊ နှစ်ယောက်သား

ရည်းစားညစာ ကျွေးလိုက်တယ်။

ညောင်စောင်းကိုပြင်၊ အို မိခင်

ပင်ပန်းနွမ်းလျ၊ နားချင်လှ။


ရင်ဒေါ်သက်ထား၊ မေ့သည်းကြား

ဘာများ စားခဲ့တယ်။

နုပျိုဖွံ့ထွား၊ မေ့ချစ်သား

ဘာများ စားခဲ့တယ်။


ငါးမြွေရေဆုပ်၊ တစ်တစ်ခုတ်

ဟင်းပြုတ်ရည်ချို စားခဲ့တယ်။

ညောင်စောင်းကိုပြင်၊ အို မိခင်

ပင်ပန်းနွမ်းလျ၊ နားချင်လှ။


ရင်ဒေါ်သက်ထား မေ့သည်းကြား

ခွေးများ ဘယ်မှာရှိကြတယ်။


ဗိုက်ပူနံကား၊ ဖောယောင်သွား

ခွေးများ သေလို့ ကုန်ပါတယ်။

ညောင်စောင်းကိုပြင်၊ အို မိခင်

ပင်ပန်းနွမ်းလျ၊ နားချင်လှ။


ရင်ဒေါ်သက်ထား၊ မေ့သည်းကြား

ဆိပ်စားမိခဲ့ပြီ ထင်တယ်။

နုပျိုဖွံ့ထွား၊ မေ့ချစ်သား

ဆိပ်စားမိခဲ့ပြီ ထင်တယ်။


မွေးမေကြင်မြတ်၊ သားသက်မှတ်

ဆိပ်ခတ်ခံခဲ့ရပါတယ်။

ညောင်စောင်းကိုပြင်၊ အို မိခင်

ဝမ်းရင်နာစွ နားချင်လှ။

ကောင်းသတဲ့လား

မွှေးရနံ့ကသင်းလို့ကြိုင်

နို့၊ ထောပတ်စုံလင်စွာနဲ့

နိုင်ငံခြားဖြစ်ထုတ်လုပ်ရောင်းတာမို့

ကိတ်မုန့်လေးကောင်းလိုက်ပုံက

ချိုအီလို့မြိုင်။


ဘယ်ရာတွေ ဘယ်လိုကောင်းလဲ

အုန်းသီးဖြူး ဆားပွင့်လူးကာ

ဟိုရင်ခါ အမေလုပ်ကျွေးတဲ့

မုန့်စိမ်းပေါင်း အငွေ့တထောင်းထောင်းကို

ဘယ်မှီပါ့မလဲ။

လောက

ရောက်တဲ့အရပ်မှာ ပျော်အောင်နေ

တွေ့တဲ့သူနဲ့ တည့်အောင်ပေါင်း

ပြိုင်လာသူကို အရှုံးပေး

နှလုံးအေးသည့် ဆေး တဲ့။


မှာလေသည့်မေမေ့စကား

မှတ်သားကာသားနာယူလို့

ရောက်ရာမှာပျော်အောင်နေလည်း

ဒီနေရာအမေနဲ့ဝေးတာမို့

ဆွေး ဘယ်ခါပျော်ပါ့မလဲ။


တွေ့သူကိုတည့်အောင်ပေါင်းလည်း

လူဆိုတာအတ္တလွှမ်းတာမို့

မေမေ့လိုမေတ္တာဓါတ်မျိုးကို

ငတ်မွတ်နေဆဲ။


ပြိုင်သူကိုအရှုံးပေးလည်း

နိုင်သူကိုဖိနှိပ်တတ်တဲ့

လူ့အတ္တမာနတောမှာ

စိတ်ဝမ်းဘယ်ခါအေးပါ့မလဲ။

ဘယ်သူပြိုင်၍ နိုင်မည်နည်း

ကြည်လဲ့မျက်လုံး ဦးချို(ဂျို)ထုံးနှင့်

လည်တိုင်ကျော့ရှင်း နူးညံ့သင်းသည့်

အလှပိုင်ရှင် တောကိုခင်သော

သမင်မပင် ဖြစ်ဘိမူ.......

သူ၏အလှ ရှုမ၀ပဲ

လှဂုဏ်မာန်ဝင့် မြတ်မျိုးမြင့်ဟု

စောင့်ရှောက်ချင့်တွေး အလှသွေးကို

ထိန်းသိမ်းကာကွယ်နေသော်လည်း.......

သားအတွက်မူ ၀မ်းမပူဖို့

ဖြူစင်သန့်အေး နို့ချိုကျွေးသည်

အလှအတွက် မငဲ့ကွက်ပါတည်း။


အကြည့်စူးကာ လည်ဆံဖွာနှင့်

စိတ်ဝယ်ကြမ်းတမ်း တောမှာရမ်းပြီး

အုပ်စိုးနိုင်ပေ့ ထင်တိုင်းမွေ့သည့်

ခြင်္သေ့မပင် ဖြစ်ဘိမူ…….

လာဟဲ့သားကောင် အရဆောင်ခဲ

ကိုက်ကာဆွဲငင် သွေးစိမ်းပြင်နှင့်

နေ့စဉ်မပြတ် အရှင်လတ်ကို

သတ်ဖြတ်စားသောက်နေသော်လည်း…….

သားအတွက်မူ ၀မ်းမပူဖို့

ဖြူစင်သန့်အေး နို့ချိုကျွေးသည်

သွေးတစ်စက်မျှ မပါတည်း။


သိဥာဏ်နည်းပါး တောမှာဖွားသည့်

ခြင်္သေ့သမင် ဖြစ်နေပင်လည်း

ရင်မှဖြစ်ပွား သူတို့သားအား

ယုယပိုက်ထွေး နို့ချိုကျွေးသော်

သိဥာဏ်ကြီးမား တို့လူသားများ

မွေးသမိခင် ကျေးဇူးရှင်၏

ကြီးမားမေတ္တာ ကရုဏာအား

ဘယ်မှာစာဖွဲ့ ကုန်မည်နည်း။

ဘယ်သူစာဖွဲ့ နိုင်မည်နည်း။

ဘယ်သူပြိုင်၍ နိုင်မည်နည်း။

/* အမေနေ့အား ဂုဏ်ပြုလျက် ၊ ကျေးဇူးကြီးမား မိခင်များသို့ */

အဝေးရောက်ဆုတောင်း

ဟိုးဝေးနေရာ ပင်လယ်ပြာမှ

အခြေစကာ တိုက်ခတ်လာသော

သူငါအများ ခေါ်ဆိုထားသည့်

နာဂစ် ဆိုသည့် ဆိုင်ကလုန်း။


မိုးနှင့်မုန်တိုင်း ပိတ်ဆို့ရိုင်းပင်း

တိုက်ခိုက်ခြင်းသည် ရိုးဖြောင့်မာန်ကင်း

ဟန်ဆောင်ရှင်းသည့် အမေ့နေရာ

အိမ်ဂေဟာသို့ ဦးတည်ဝင်ရောက်ခဲ့လေပြီ။


အမေ့နေရာ အိမ်ဂေဟာမှာ

နာဂစ်မုန်တိုင်း ဤလေရိုင်းကြောင့်

ညွှန့်ဖူးလဲကြွေ သက်လဲသေသော

အမိစိုက်ထိုး ယုယပျိုးသည့်

ပန်ဆင်စဖွယ် သဇင်ငယ်။


စိတ်တင်းမနိုင် သဇင်ခိုင်ပင်

မဆိုထားဘိ

ခက်ကိုင်းဖြန့်ဖြန့် ရှင်သန်ကြံ့သည့်

မိခင်လမ်းထိပ် ပညောင်ရိပ်ပင်

မာန်ကြီးအံကြိတ် တလိပ်လိပ်နှင့်

စိတ်ဓါတ်မာန်ဝင် ခံစစ်ဆင်လည်း

တိုက်ခိုက်ကြမ်းတမ်း နာဂစ်ရမ်းက

ရိုက်ခတ်ဝှေ့ရမ်း စုတ်ပြတ်လွှမ်းအောင်

ချိုးဖဲ့ဖျက်ဆီးခဲ့လေပြီ။


ထိုသို့အခြေ ဤအနေအား

စိတ်ဝယ်မရွှင် မကြည်လင်ပဲ

ရင်၌လောင်ကျွမ်း သားမောင်မှန်း၍

မိဘနှစ်ဖြာ ဖေမေပါဝင်

များထွေသတ္တ၀ါ လူများစွာတွက်

ကိုးဝဂုဏ်အင် ဘုရားရှင်သည်

သနားမေတ္တာ ကရုဏာဖြင့်

စောင့်ရှောက်ကယ်ကာ ပေးတော့ပါဟု

ဆယ်ဖြာလက်မိုး ဦးတင်(ရှိ)ခိုးကာ

ဆုတောင်းပါသည် အရှင်ဘုရား။

ရေချိုမြစ်ရဲ့စီးဆင်းသံ(သို့)မေမေ့စာ

အလွမ်းပြေအမေရေးတဲ့

ရောက်နေသူဟိုအဝေးနယ်က

သားဖြစ်သူလူကလေးရယ်သို့

မာစေကြောင်းဆုတောင်းစာ။


တိုင်းနယ်ရွာတစိမ်းတွေကြားမှာလ

ရိုင်းဖယ်ကွာလူယဉ်ကျေးပါလို့

ကြိုးစားရှာပညာရေးရယ်နဲ့

ရှားရှောင်ပါအသောက်စားပြင်

ဘေးကင်းကာရန်စွယ်ကွာဖို့

ပို့သတဲ့အမေ့မေတ္တာ။


ဟိုရင်လိုနေမနီးသော်လဲ

အမေ့မှာစေတနာဓါတ်တွေက

စီးဆင်းကာဝေေ၀ဖြာ။


ဘေးရံမှာအမေမရှိသော်လည်း

ပြေးပြန်ကာဖွေရှာကြည့်ပြန်တော့

ဒီလွမ်းစာဒီလက်ရေးရယ်က

ဆန်းထည်စွာလှမာန်မ၀င့်သော်လဲ

ဖြူစင်စွာစေတနာသန့်တာမို့

အမေ့စာတကယ်ခန့်တယ်

အံ့မိပါတကား။

နံနက်ခင်းလေး

ပုရစ်ဖူးဝေတဲ့ နွေဦးလေအဝှေ့မှာ

ယှက်တွယ်ယုယ သမုဒယအချိုတွေကို

ခုံမင်စွာစားသုံးမိနေရင်း…..

အရာရာ အနိစ္စ စိတ်မချစရာတွေချည်းပါပဲလားဆိုတဲ့

အသိလေးတစ်ခုနဲ့……

အတိတ်က အရာများ အနိစ္စပါတကားလို့တွေးကာ

အတွေးတပူပူနဲ့ ဘေးလူတွေမသိအောင်…..

မပြင်မဆင် မခြယ်မသ

ရင်ခွင်မှာ တကယ်လှတဲ့

ငယ်စဉ်ဘ၀ရဲ့ ထာဝရတရားတွေ

စိတ်အစဉ်မှာ အရိပ်ထင်ကာနေပေမယ့်လဲ…..

ဪ…..အခုတော့

ကြည့်သမျှ သိသမျှ

ထိသမျှ ငြိသမျှ

တစ်စတစ်စ ခဏခဏ

တသသ လွမ်းကာ.....

ဘ၀ဆိုတဲ့ရေပြင်ကျယ်

လှိုင်းထန်ထန် လှေလူးလူး နေစူးစူးမှာ…..

အသိတရားနုနု ဘ၀မုန်တိုင်းထန်ထန်နဲ့တွေ့မှ

အမှားတွေကို

မလိမ်နိုင်တော့ပါဘူးအမေရယ်

အမေ့ရဲ့ကြိမ်ဒဏ်ကမှတော်သေးတယ်…..

သားရဲ့ဘ၀မှာ

အဖြေညှိမရတဲ့ ပဟေဠိညတွေ များလှပါပြီ….

ရေမထိပန်းလို ကြွေညစ်မနွမ်းလိုပါဘူး

ပင်မြင့်ပန်းလို အစဉ်သဖြင့်လန်းလိုပါတယ်အမေ…..

ဒါကြောင့်မို့…

မိုင်ပေါင်းရာချီ ပြန်ပြောင်းကာမရေနိုင်တဲ့

အမျိုးသွေးဖယ်ကွာ ဟိုးအဝေးနယ်ရွာမှ

မနှေးအမြန် အပြေးပြန်ကာလာနိုင်မယ့်

မြူနှင်းဝေေ၀ ရှုခင်းတွေလှနေမယ့်

တစ်ခုသောနေ့ရဲ့

နံနက်ခင်းလေးကို အမြန်ရောက်ပါရစေတော့လို့

ဆုတောင်းနေမိပါတယ်အမေ…….။

အမေသို့...

သို့ /

အမေ

သား ရိုသေစွာ စာရေးလိုက်ပါတယ်။ အမေနေကောင်းရဲ့လား။ နေကောင်းပါစေလို့ သား ဆုတောင်းနေပါတယ်အမေ။ ဒီနေ့ သင်္ကြန် အကြတ်နေ့တောင် ရှိနေပြီနော်။ အမေနဲ့သား လူချင်းမတွေ့ရတာ ရက်(၇၀၀) ကျော်ခဲ့အမေရယ်။ အခုအချိန် သား သင်္ကြန်ဆိုတာကို အရမ်းလွမ်းမိတယ် အမေ။ အမေ့ကို သတိရတာလဲ ပါတာပေါ့အမေရာ။ အခုလို အမေနဲ့ ဝေးနေတဲ့အချိန်ရောက်မှ မိခင်တစ်ဦးရဲ့ တန်ဖိုး၊ မိခင်တစ်ဦးရဲ့ ကျေးဇူးတရားတွေကို သားပိုပြီး သိခွင်ရခဲ့ပါတယ် အမေ။

အမေရေ….. အမေ့မှာ သားကလွဲပြီး ချစ်ရမယ့် သားသမီး မရှိဘူးနော်။ အမေ့ကို အနီးကပ် ပြုစုပေးမယ့် သူလဲ မရှိဘူး။ ဒါပေမယ့် သားဘ၀ ကောင်းစားရေးအတွက် ကိုယ့်အတွက် မငဲ့ဘဲ ကောင်းရာနေရာကို တွန်းပို့ ပေးခဲ့တဲ့ အမေ့ရဲ့ အနစ်နာခံ ချစ်တတ်တဲ့ စိတ်ဓါတ်ကို လေးစားမိပါတယ်အမေ။ အမေ့ကို အရမ်းစိတ်ပူမိတယ် အမေ။ အခုအချိန် အမေ ဘယ်လို နေမယ်၊ ထိုင်မယ်၊ စားမယ်၊ သောက်မယ် ဆိုတာကို သားအရမ်းသိချင်တယ် အမေရယ်။ လူတန်းစေ့ နေထိုင်စားသောက်နိုင်လို့ ကိုယ်ချမ်းသာပေမယ့် သားသမီးရဲ့ ကြင်နာစွာ ပြုစုယုယမှုတွေ ငတ်မွတ်ချို့တဲ့နေတဲ့ အမေ့ဘ၀ကို အရမ်းဝမ်းနည်းမိတယ် အမေ။ စိတ်မကောင်းလဲ ဖြစ်မိပါတယ်။ အမေနဲ့ အတူနေပြီး ယုယစွာ ပြုစုချင်ပေမယ့် ပျော်ရာမှာ မနေရ၊ တော်ရာမှာသာနေရတဲ့ သားရဲ့ဘ၀ကို နားလည်ပေးပါလို့ တောင်းပန်ပါရစေ အမေရယ်။ ပြောမယ့်သာ ပြောရတာပါ။ အမေက သားကို အရာရာ နားလည်ပေးပြီးသားပါနော်။ သားပြောသမျှကိုလည်း အမေက အမြဲယုံကြည်ပေးတယ်နော်။ စိတ်ချပါအမေ သားသမီးယုံ စုံလုံးကန်း ဆိုတဲ့ စကားပုံထဲ အမေ မပါစေရဘူးလို့ သားကတိပေးပါတယ်အမေ။ သားရဲ့ ရင်ထဲ၊ အသဲထဲမှာ အမေ့ရဲ့ အသွေး အသားတွေ စီးဆင်းလို့ နေပါတယ် အမေ။ ဒါကြောင့် အမေ့ရဲ့ သဘောတိုင်းဟာ သားရဲ့ ဆန္ဒတွေပါပဲ အမေရေ။ အမေနဲ့ အတူနေပြီး ပြုစုယုယမှုတွေ မပေးနိုင်သေးတဲ့ သားကိုယ်သား အားမလို အားမရ ဖြစ်မိတယ်အမေ။ အမေရေ….. တော်ရာမှာ နေစေပြီးရင် သားပျော်ရာ အမေ့အိမ်လေးကို ပြန်လာပြီး သားတို့ မိသားစုအတူ နေခွင့်ရစေဖို့ ကံကြမ္မာဆိုသူကို သားတောင်းဆိုနေမိတယ် အမေ။ ကံကြမ္မာဆိုသူကြီး မျက်နှာသာ ပေးလာမယ့် မနက်ဖြန်တွေရဲ့ မနက်ဖြန်လေးကို မြန်မြန်ရောက်ပါရစေတော့လို့ ဆုတောင်းပါတယ် အမေရယ်….။

အမေရေ….. နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့ အခုလို သင်္ကြန်ချိန်ခါ အကုသိုလ် အညစ်အကြေးမှန်သမျှကို အေးမြတဲ့ အတာရေစင်နဲ့ ဆေးကြောကြတဲ့ နှစ်သစ်မင်္ဂလာမှာ အမေ့ အပေါ် သား ကာယကံ၊ ၀စီကံ၊ မနောကံ နဲ့ ပြစ်မှားမိသည်များကို ခွင့်လွှတ်ပေးပါလို့ ဟိုး………… အဝေးတစ်နေရာကနေ ရှိခိုးကန်တော့ တောင်းပန်လိုက်ပါတယ် အမေ……။

သားချစ်ရတဲ့အမေ နှလုံးစိတ်ဝမ်း အေးချမ်းပါစေ……..

အမေ့ကိုချစ်တဲ့

အဝေးရောက်သား

တိုးအေးပေါ်မှ အိုမိခင်

အခုကဗျာလေးကို ရေးတဲ့သူကတော့ ကဗျာဆရာသမိန်သောင်း ဖြစ်ပါတယ်။ ကဗျာလေးရဲ့ အကြောင်းကတော့ ၁၉၇၃ ခုနှစ်မှာ ရန်ကုန်နှင့်ဒလကူးတဲ့ တိုးအေးသင်္ဘော နစ်ရာမှာ ခရီးသည်တော်တော်များများ သေကြေခဲ့ကြတယ်။ အလောင်းတွေကို ရက်ပေါင်းများစွာ ကြာအောင် ဆယ်ကြရတယ်တဲ့ ၊ ဆယ်ငါးရက်လောက် ကြာတဲ့အခါ တိုးအေးသင်္ဘော ပေါ်မှာ မိခင်တစ်ဦးရဲ့ အလောင်းကိုတွေ့ကြရသတဲ့။ နို့်စို့အရွယ် ကလေးကို ရင်ခွင်မှာ ပွေ့ဖက်ရင်း သေဆုံးနေတယ်တဲ့။

လူဆိုတာ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ဆိုကြတယ်။ သို့ပေမယ့် “ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့ စကားပုံကို ဆန့်ကျင်လိုက်တဲ့ ဤမိခင်ရဲ့ အဖြစ်လေးကို ခံစားကြည့်ကြပါစို့နော်….


တိုးအေးပေါ်မှ အိုမိခင်


မမျှော်မလင့် ၊ မိုးကြိုးသင့်သို့

ရင်နင့်ဖွယ်ရာ ၊ သည်းဆတ်ခါမျှ

ကြမ္မာကံဆိုး ၊ လွမ်းဇာတ်ပျိုးသည်

တိုးအေးနစ်သော ထိုတစ်နေ့ ။


ထိုနေ့မှသည် ၊ ညညနေ့နေ့

မြင်တွေ့မကောင်း ၊ သည်ဖြစ်ကြောင်းမှာ

အလောင်းထပ်မျှ ၊ မြင်နေခဲ့ရ ။


နေ့ရက်လျား၍

ဆယ့်ငါးရက်မြောက် ၊ ခါချိန်ရောက်မှ

ရေအောက်ကဖေါ် ၊ “တိုးအေး” ပေါ်ဝယ်

ညှိုးလျော်ကြေကွဲ ၊ မိခင်ဇွဲကို

အသဲနင့်ဖွယ် ၊ မြင်ရသည် ။


အရိုးစုမျှ ၊ ကြွင်းသော်မှပင်

ချစ်လှရင်သွေး ၊ သူ့ကလေးအား

ထွေးဆဲပိုက်ဆဲ ၊ ယုယဆဲဟု

သဲသဲမဲမဲပြနေသူ ။


ရေစီးကလှုပ် ၊ လှိုင်းကပုတ်၍

စုပ်သည့်ရေမွှား ၊ စားသည့်ရေပိုး

အကြောင်းဆိုးလည်း

တိုးကာ ကပ်ကာ ၊ မေ့သည်းချာအား

မကွာမကွဲ ပိုက်ပွေ့ဆဲ ။


အို ....... မိခင်

သင် ဘေးကင်းရာ

ကူးခပ်ပါ၍ ၊ လွတ်ရာအဝေး

ပြေးနိုင်ပါလျက် ၊ မပြေးရက်၍

အသက် စတေးလိုက်ရော့လား ။


အို ....... မိခင်

“ကိုယ်လျှင်မချိ ၊အမိသော်လဲ

သားတော်ခဲ” ဟု

စွဲလာဆိုထုံး ၊ စကားလုံးကို

ချေမှုန်း တော်လှန်လိုက်ရော့လား ။


အို ……. မိခင်

သင်နှင့်အတူ ၊ သင့်သည်းအူနှယ်

ရည်တူပြည့်သိပ် ၊ “မိခင်စိတ်” ဖြင့်

ယိုဖိတ်မေတ္တာ ၊ စေတနာကို

ခါခါ ဦးညွှတ်လိုက်ပါ၏ ။

ပြောင်းလဲခြင်းများမှ မပြောင်းလဲခြင်း

ဟိုစဉ်အခါ ၊ မြင်ခဲ့ရာဝယ်

မွှေးပျံ့ကြိုင်ဝင့် ၊ ဖွေးဖြူဆင့်သည့်

စံပယ်ပွင့်။


ညမှောင်ကောင်းကင် ၊ မျှော်ကြည့်လျှင်လည်း

မိုးမြင့်ယံထက် ၊ ပြိုးပြက်ပြက်နှင့်

ကြယ်တစ်ပွင့်။


လေးဘက်လေးတန် ၊ ရိုးခြံကာဆီး

ရေကန်ကြီးဝယ် ၊ လှမာန်သွယ်သည့်

ကြာတစ်ပွင့်။


အေးမြချမ်းစိမ့် ၊ တောတောင်ရိပ်ဝယ်

ရှုဖွယ်မငြီး ၊ သွင်သွင်စီးသည့်

စမ်းချောင်းလေး။


ဪ…..အခုတော့

နွမ်းကြွေရော်ရင့် ၊ ရနံ့လွင့်ပြီး

ကြယ်ပွင့်လည်းကြွေ ၊ ကြာလည်းခွေ၍

စမ်းရေတွေလဲ သွေ့ပြီလေ။


သို့ပါသော်ငြား……..

ဟိုစဉ်အခါ ၊ ထိုမျက်နှာမှာ

ဘယ်ခါမပြောင်း လနှစ်ညောင်းလဲ

မေမေ့မျက်နှာ ၊ သာမြဲသာတည့်

တိမ်စင်လနှယ်ပါတကား။

ခက်ခဲတဲ့မေးခွန်း

/* ဖတ်ဖူးသမျှလေးတွေထဲက မိသားစုနဲ့ ပတ်သက်တဲ့ ဟာသလေးတွေကို မျှဝေလိုက်ပါတယ်။ တစ်ချက်ပြုံးလို့ ချစ်ခင် နှစ်သက်သူတွေက တစ်သက်မမုန်းသောသူများ ဖြစ်ကြပါစေ */

~ ဒီနေ့ ဆရာမေးတဲ့ မေးခွန်းကို ဘယ်သူမှ မဖြေနိုင်ဘူး မေမေ။

~ ဆရာက ဘာမေးလို့လဲ ?

~ ဒီထိုင်ခုံကို ဘယ်သူ ချိုးတာလဲတဲ့

ဘူတာရုံမှာ

တောင်ပိုင်းမြို့သို့ သွားမည့် ဖခင်အား ၊ သူ၏ဇနီး နှင့် သား လိုက်လံ ပို့ဆောင်ကြသည်။

ရထားထွက်သွားပြီး ပလက်ဖောင်းသို့ ရထားအသစ်တစ်စီး ဆိုက်ရောက်လာသည်ကို မြင်သော အခါ သားက သူ့မိခင်အား

~ ကြည့်ပါအုံးမေမေ ရထားကြီးပြန်လာတယ် ဖေဖေဘာကျန်ခဲ့ပြန်ပြီလဲ မသိဘူး

မသိလို့ပါ

~ မေမေ သားကို ဘယ်မှာမွေးခဲ့တာလဲ ?

~ မော်စကိုမြို့မှာ

~ မေမေကကော ?

~ စာရာသော့ဖ်မြို့မှာ (ဗော်ဒဂါမြစ်၏ ဆိပ်ကမ်းမြို့ တစ်ခု)

~ ဖေဖေကကော ?

~ ကာလုဂါမြို့မှာ

~ ဒါဆို သားတို့ ဘယ်လို တွေ့ပြီးရင်းနှီးခဲ့ကြတာလဲ ?