လောင်းရိပ်မိတဲ့အပင်ငယ်

ရွာအ၀င် ကွင်းဟိုစပ်မှာဖြင့်

တစ်ပင်တည်း ထီးထောင်မတ်ပါတဲ့

ဤပညောင် ကိုင်းခက်ပွင့်တွေက

ဝိုင်းယှက်တင့် အားမာန်လှစ်သောကြောင့်

သူငါများ ခိုကာနားစေရာ

အေးချမ်းသာ အရိပ်စစ်

မိတ်ဖြစ်တာ ကြာပေလည်း

နေရောင်ခြည် ကင်းကွာဝေးစေမက

လေမိုးဒဏ် ဘေးကာဆီးသမို့

ပညောင်ခြေ ပင်ကလေးမှာဖြင့်

လေမိုးနေ ကောင်းစွာမရသောကြောင့်

လောင်းရိပ်မိ နွမ်းရိခွေ…..။


သို့ပေမယ့် အပင်ငယ်

အစဉ်ကွယ် မာန်မလျော့ပါဘူး

နွမ်းဖတ်ယိုင် ပင်ငယ်ဖြစ်ပေလည်း

စိတ်ဓါတ်ခိုင် ပင်စည်မတ်သမို့

ထိုးကာထွက် ပညောင်ခက်ကြား

အခေါင်ထက်နားမှာ သီးပွင့်ဝေရှာပေါ့

ကြီးမြင့်ဝေဖြာတဲ့ သူ့ဂုဏ်အင်ကို

ပညောင်အို လောင်းရိပ်မိုးမိသူ

သဏ္ဍာန်တူ မိခင်ဖတို့မှာ

ဖုံးလွှမ်းကာ ပီတိဝေရှာပေါ့

သီရိဂေဟာ အိမ်ဆောင်နန်းမှာ

ပြုံးရွှင်လို့လန်း…..။

6 comments:

mgngal said...

ကဗျာလေးဖတ်ပြီး အားတွေရှိလာတယ်ဗျာ။
မိဘတွေ ဂုဏ်ယူရတဲ့ သားကောင်းသားမြတ် ဖြစ်အောင်ကြိုးစားနိုင်ပါစေဗျာ။

ဝါ၀ါခိုင်မင်း said...

ကဗျာလေး ကောင်းတယ် ကိုဝဿန်ဦး။
အားပေးသွားတယ်နော်။

တားမြစ် ထားသော... said...

လောင်းရိပ်မိသူ
အကြင်လူ
မေတ္တာလောင်းရိပ် ဖြစ်စေသေဝ်။

*************

ဖတ်လို့ကောင်းတယ်ဗျ။ မျက်ဝန်းထဲအထိ ပုံရိပ်တွေ မြင်လိုက်ရတယ်။

winlatt said...

ကောင်းပါပေ့ မောင်ဝဿန်
မာန်မလျှော့ အပင်ငယ်လို
ဘယ်အရွယ် ဘယ်လို ရောက်ရောက်
မောင် တစ်ယောက် ဂုဏ်အင်မြင့်ရင်ဖြင့်
မောင့်မိဘ ဂုဏ်တွေဝင့်မယ်ပ
ကျက်သရေဆင့်ကာတိုးလိမ့်မယ်
ရှေ့ဆက်၍လှမ်း....။

ein said...

မေတ္တာလောင်းရိပ်အောက်မှာ ခိုဝင်သက်ရောက်နိုင်ပါစေ၀ဿန်...

လင်းဦး(စိတ်ပညာ) said...

ကဗျာလေးကိုလာခံစားတာပါ။ ကောင်းပါ့