အိမ်ကလေး
ငြိမ်းအေးခြင်းတွေ ဖူးပွင့်နေတဲ့
မြက်ခင်းစိမ်းစိမ်းလေးထဲက
စုလစ်မွန်းချွန်တွေနဲ့ တခမ်းတနားလှပတဲ့
အိပ်မက်ထဲက ဘ၀အိမ်ကလေး။
ဒီအိမ်ကလေးကို တည်ဆောက်ရင်း
သက္ကရာဇ်ပွင့်ကြွေတွေကို ကောက်ခဲ့တာ
နှစ်ဆယ့်သုံးပွင့် တောင်ရခဲ့ပြီ
အိမ်ကလေးတော့ အပြီးမဆောက်နိုင်သေးဘူး
အိမ်ကလေးပြီးဖို့
သက္ကရာဇ်တွေ ဘယ်လောက်ကောက်ရအုံးမှာလဲ
အိမ် မယိုင်စေဖို့
တိုင်တွေ ထောက်ခဲ့ပေါင်းလဲ များခဲ့ပြီ
တိုင်တွေ ခိုင်စေဖို့
ရိုက်ခဲ့တဲ့သံတွေ ကောက်ခဲ့ပေါင်းလဲ များခဲ့ပြီ
သူရူးတွေထဲ အရူး မဖြစ်စေဖို့
မိုးခါးရေတွေ သောက်ခဲ့ရပေါင်းလဲ များခဲ့ပြီ။
ကြီးမားမေတ္တာ ကရုဏာများနဲ့
အမှားပယ်ဖျောက်လမ်းမှန်ရောက်ဖို့
သင်ကြားပေးသူ လက်ဦးဆရာနှစ်ဆူရဲ့ကျေးဇူးတွေ
ဆပ်မကုန်ပေမယ့် ကျေအောင်တော့ဆပ်ရအုံးမယ်။
ကျနော့်ကိုဝိုင်းကြည့်နေကြတဲ့
ဒေါသထွက်နေတဲ့မျက်နှာ လောဘတက်နေတဲ့မျက်နှာ
မနာလိုတဲ့မျက်နှာ အထာဆိုဖွဲ့မျက်နှာ
ဟန်ဆောင်ထားတဲ့မျက်နှာ မာန်ထောင်လွှားတဲ့မျက်နှာ
ရက်စက်ချင်တဲ့မျက်နှာ အတ္တဆင်တဲ့မျက်နှာတွေကြားမှာ
နေ့ရက်တွေ တစ်ရက်စီချွေခဲ့တယ်။
ဘ၀ရဲ့ လေဟာပြင်မှာ
အကြင်နာကင်းမဲ့ ဝေဒနာသင်းဖွဲ့
ရင်မှာတင်းခံရသူအတွက်
ဆုလာဘ်တစ်ပွင့်ကတော့
အပြုံးတံတားလေးထက် အမုန်းများဝေးလျက်
ဖြေရှင်းကူညီရိုင်းပင်တည်သည့်
အားပေးဖေါ် သူငယ်ချင်းများ။
ဆောက်လုပ်ဆဲအိမ်ကလေးထဲ
ကြည်နူးဖွယ်နေ့ရက်တွေကို ဆွဲဆန့်ပေးသူ
‘ဖန်ပြာခွက်နဲ့ကျောက်စက်ရေ’ အမောပြေအောင်တိုက်သူ
ကူညီပေးသူ လက်တွဲဖေါ်တစ်ယောက်
ခိုဝင်နားကာမှေးစက်
အချစ်ဆိုတဲ့အရာလည်း နိုးထရှင်သန်လို့ပေါ့။
……ဒီလိုနဲ့…..
အတ္တတွေထုံမွှန်းနေတဲ့ ဟန်ဆောင်ခြင်းဝန်းကျင်မှာ
ပျော်ရွှင်စွာကျင်လည်ရင်း
…..ခုတော့…..
တလက်လက်လင်းနေတဲ့ အနာဂတ်ဟင်းလင်းပြင်ထဲက
တစ်ဘ၀မှာ တစ်ခါသာဆောက်ခွင့်ရမယ့်
မပြီးသေးတဲ့ ဆောက်လက်စ အိမ်ကလေးအတွက်
မနက်ဖြန်တိုင်းမှာ
သံတစ်ချက်စီတော့ ရိုက်နေရအုံးမယ်။
/*၂၃နှစ်မြောက်အမှတ်တရ ရေးစပ်ပါသည်*/
3 comments:
၂၃ နှစ်ပြည့်မွေးနေ့မှသည် နောင်နှစ်များစွာတိုင် ချစ်သောမိသားစု၊ ချစ်သောသူငယ်ချင်း ၊ ချစ်သောချစ်သူလေးနဲ့အတူ ရည်မှန်းထားရာပန်းတိုင်ကို အရောက်လှမ်းတိုင်း ဆန္ဒ နဲ့ဘ၀ ထပ်တူကျပါစေရှင်...း) ဖန်ပြာခွက်နဲ့ကျောက်စက်ရေ ကိုအမောပြေအောင်တိုက်ကျွေးပေးတယ်ဆိုတဲ့ ချစ်သူလေးကလည်း ၀ဿန့်ပေါ်မှာ နိုးထရှင်သန်တဲ့ချစ်ခြင်းတွေနဲ့လက်တွဲဖော်မွန်အဖြစ်တည်ရှိပေးနိုင်ပါစေရှင်... :)
ညီလေးရဲ့ ၂၃ နှစ်မြောက် အမှတ်တရ မှသည် ရည်မှန်း မျှော်လင့်ထားတဲ့ နေရာ အစ်ခုထိ မမှိတ်မသုံ ရောက်ရှိ ပါစေသားကွာ။
အလာနောက်ကျသွားတယ်ကွာ... sorry .. ကဗျာလေးကောင်းတယ်ကွ... ၂၃ နှစ်မှသည် သာယာပျော်ရွှင်သော ဘဝလေးကိုပိုင်ဆိုင်နိုင်ပါစေဗျာ....
Post a Comment