ရေချိုမြစ်ရဲ့စီးဆင်းသံ(သို့)မေမေ့စာ

အလွမ်းပြေအမေရေးတဲ့

ရောက်နေသူဟိုအဝေးနယ်က

သားဖြစ်သူလူကလေးရယ်သို့

မာစေကြောင်းဆုတောင်းစာ။


တိုင်းနယ်ရွာတစိမ်းတွေကြားမှာလ

ရိုင်းဖယ်ကွာလူယဉ်ကျေးပါလို့

ကြိုးစားရှာပညာရေးရယ်နဲ့

ရှားရှောင်ပါအသောက်စားပြင်

ဘေးကင်းကာရန်စွယ်ကွာဖို့

ပို့သတဲ့အမေ့မေတ္တာ။


ဟိုရင်လိုနေမနီးသော်လဲ

အမေ့မှာစေတနာဓါတ်တွေက

စီးဆင်းကာဝေေ၀ဖြာ။


ဘေးရံမှာအမေမရှိသော်လည်း

ပြေးပြန်ကာဖွေရှာကြည့်ပြန်တော့

ဒီလွမ်းစာဒီလက်ရေးရယ်က

ဆန်းထည်စွာလှမာန်မ၀င့်သော်လဲ

ဖြူစင်စွာစေတနာသန့်တာမို့

အမေ့စာတကယ်ခန့်တယ်

အံ့မိပါတကား။

နံနက်ခင်းလေး

ပုရစ်ဖူးဝေတဲ့ နွေဦးလေအဝှေ့မှာ

ယှက်တွယ်ယုယ သမုဒယအချိုတွေကို

ခုံမင်စွာစားသုံးမိနေရင်း…..

အရာရာ အနိစ္စ စိတ်မချစရာတွေချည်းပါပဲလားဆိုတဲ့

အသိလေးတစ်ခုနဲ့……

အတိတ်က အရာများ အနိစ္စပါတကားလို့တွေးကာ

အတွေးတပူပူနဲ့ ဘေးလူတွေမသိအောင်…..

မပြင်မဆင် မခြယ်မသ

ရင်ခွင်မှာ တကယ်လှတဲ့

ငယ်စဉ်ဘ၀ရဲ့ ထာဝရတရားတွေ

စိတ်အစဉ်မှာ အရိပ်ထင်ကာနေပေမယ့်လဲ…..

ဪ…..အခုတော့

ကြည့်သမျှ သိသမျှ

ထိသမျှ ငြိသမျှ

တစ်စတစ်စ ခဏခဏ

တသသ လွမ်းကာ.....

ဘ၀ဆိုတဲ့ရေပြင်ကျယ်

လှိုင်းထန်ထန် လှေလူးလူး နေစူးစူးမှာ…..

အသိတရားနုနု ဘ၀မုန်တိုင်းထန်ထန်နဲ့တွေ့မှ

အမှားတွေကို

မလိမ်နိုင်တော့ပါဘူးအမေရယ်

အမေ့ရဲ့ကြိမ်ဒဏ်ကမှတော်သေးတယ်…..

သားရဲ့ဘ၀မှာ

အဖြေညှိမရတဲ့ ပဟေဠိညတွေ များလှပါပြီ….

ရေမထိပန်းလို ကြွေညစ်မနွမ်းလိုပါဘူး

ပင်မြင့်ပန်းလို အစဉ်သဖြင့်လန်းလိုပါတယ်အမေ…..

ဒါကြောင့်မို့…

မိုင်ပေါင်းရာချီ ပြန်ပြောင်းကာမရေနိုင်တဲ့

အမျိုးသွေးဖယ်ကွာ ဟိုးအဝေးနယ်ရွာမှ

မနှေးအမြန် အပြေးပြန်ကာလာနိုင်မယ့်

မြူနှင်းဝေေ၀ ရှုခင်းတွေလှနေမယ့်

တစ်ခုသောနေ့ရဲ့

နံနက်ခင်းလေးကို အမြန်ရောက်ပါရစေတော့လို့

ဆုတောင်းနေမိပါတယ်အမေ…….။

အမေသို့...

သို့ /

အမေ

သား ရိုသေစွာ စာရေးလိုက်ပါတယ်။ အမေနေကောင်းရဲ့လား။ နေကောင်းပါစေလို့ သား ဆုတောင်းနေပါတယ်အမေ။ ဒီနေ့ သင်္ကြန် အကြတ်နေ့တောင် ရှိနေပြီနော်။ အမေနဲ့သား လူချင်းမတွေ့ရတာ ရက်(၇၀၀) ကျော်ခဲ့အမေရယ်။ အခုအချိန် သား သင်္ကြန်ဆိုတာကို အရမ်းလွမ်းမိတယ် အမေ။ အမေ့ကို သတိရတာလဲ ပါတာပေါ့အမေရာ။ အခုလို အမေနဲ့ ဝေးနေတဲ့အချိန်ရောက်မှ မိခင်တစ်ဦးရဲ့ တန်ဖိုး၊ မိခင်တစ်ဦးရဲ့ ကျေးဇူးတရားတွေကို သားပိုပြီး သိခွင်ရခဲ့ပါတယ် အမေ။

အမေရေ….. အမေ့မှာ သားကလွဲပြီး ချစ်ရမယ့် သားသမီး မရှိဘူးနော်။ အမေ့ကို အနီးကပ် ပြုစုပေးမယ့် သူလဲ မရှိဘူး။ ဒါပေမယ့် သားဘ၀ ကောင်းစားရေးအတွက် ကိုယ့်အတွက် မငဲ့ဘဲ ကောင်းရာနေရာကို တွန်းပို့ ပေးခဲ့တဲ့ အမေ့ရဲ့ အနစ်နာခံ ချစ်တတ်တဲ့ စိတ်ဓါတ်ကို လေးစားမိပါတယ်အမေ။ အမေ့ကို အရမ်းစိတ်ပူမိတယ် အမေ။ အခုအချိန် အမေ ဘယ်လို နေမယ်၊ ထိုင်မယ်၊ စားမယ်၊ သောက်မယ် ဆိုတာကို သားအရမ်းသိချင်တယ် အမေရယ်။ လူတန်းစေ့ နေထိုင်စားသောက်နိုင်လို့ ကိုယ်ချမ်းသာပေမယ့် သားသမီးရဲ့ ကြင်နာစွာ ပြုစုယုယမှုတွေ ငတ်မွတ်ချို့တဲ့နေတဲ့ အမေ့ဘ၀ကို အရမ်းဝမ်းနည်းမိတယ် အမေ။ စိတ်မကောင်းလဲ ဖြစ်မိပါတယ်။ အမေနဲ့ အတူနေပြီး ယုယစွာ ပြုစုချင်ပေမယ့် ပျော်ရာမှာ မနေရ၊ တော်ရာမှာသာနေရတဲ့ သားရဲ့ဘ၀ကို နားလည်ပေးပါလို့ တောင်းပန်ပါရစေ အမေရယ်။ ပြောမယ့်သာ ပြောရတာပါ။ အမေက သားကို အရာရာ နားလည်ပေးပြီးသားပါနော်။ သားပြောသမျှကိုလည်း အမေက အမြဲယုံကြည်ပေးတယ်နော်။ စိတ်ချပါအမေ သားသမီးယုံ စုံလုံးကန်း ဆိုတဲ့ စကားပုံထဲ အမေ မပါစေရဘူးလို့ သားကတိပေးပါတယ်အမေ။ သားရဲ့ ရင်ထဲ၊ အသဲထဲမှာ အမေ့ရဲ့ အသွေး အသားတွေ စီးဆင်းလို့ နေပါတယ် အမေ။ ဒါကြောင့် အမေ့ရဲ့ သဘောတိုင်းဟာ သားရဲ့ ဆန္ဒတွေပါပဲ အမေရေ။ အမေနဲ့ အတူနေပြီး ပြုစုယုယမှုတွေ မပေးနိုင်သေးတဲ့ သားကိုယ်သား အားမလို အားမရ ဖြစ်မိတယ်အမေ။ အမေရေ….. တော်ရာမှာ နေစေပြီးရင် သားပျော်ရာ အမေ့အိမ်လေးကို ပြန်လာပြီး သားတို့ မိသားစုအတူ နေခွင့်ရစေဖို့ ကံကြမ္မာဆိုသူကို သားတောင်းဆိုနေမိတယ် အမေ။ ကံကြမ္မာဆိုသူကြီး မျက်နှာသာ ပေးလာမယ့် မနက်ဖြန်တွေရဲ့ မနက်ဖြန်လေးကို မြန်မြန်ရောက်ပါရစေတော့လို့ ဆုတောင်းပါတယ် အမေရယ်….။

အမေရေ….. နှစ်ဟောင်းကုန်လို့ နှစ်သစ်ကူးတဲ့ အခုလို သင်္ကြန်ချိန်ခါ အကုသိုလ် အညစ်အကြေးမှန်သမျှကို အေးမြတဲ့ အတာရေစင်နဲ့ ဆေးကြောကြတဲ့ နှစ်သစ်မင်္ဂလာမှာ အမေ့ အပေါ် သား ကာယကံ၊ ၀စီကံ၊ မနောကံ နဲ့ ပြစ်မှားမိသည်များကို ခွင့်လွှတ်ပေးပါလို့ ဟိုး………… အဝေးတစ်နေရာကနေ ရှိခိုးကန်တော့ တောင်းပန်လိုက်ပါတယ် အမေ……။

သားချစ်ရတဲ့အမေ နှလုံးစိတ်ဝမ်း အေးချမ်းပါစေ……..

အမေ့ကိုချစ်တဲ့

အဝေးရောက်သား

တိုးအေးပေါ်မှ အိုမိခင်

အခုကဗျာလေးကို ရေးတဲ့သူကတော့ ကဗျာဆရာသမိန်သောင်း ဖြစ်ပါတယ်။ ကဗျာလေးရဲ့ အကြောင်းကတော့ ၁၉၇၃ ခုနှစ်မှာ ရန်ကုန်နှင့်ဒလကူးတဲ့ တိုးအေးသင်္ဘော နစ်ရာမှာ ခရီးသည်တော်တော်များများ သေကြေခဲ့ကြတယ်။ အလောင်းတွေကို ရက်ပေါင်းများစွာ ကြာအောင် ဆယ်ကြရတယ်တဲ့ ၊ ဆယ်ငါးရက်လောက် ကြာတဲ့အခါ တိုးအေးသင်္ဘော ပေါ်မှာ မိခင်တစ်ဦးရဲ့ အလောင်းကိုတွေ့ကြရသတဲ့။ နို့်စို့အရွယ် ကလေးကို ရင်ခွင်မှာ ပွေ့ဖက်ရင်း သေဆုံးနေတယ်တဲ့။

လူဆိုတာ ကိုယ့်ကိုယ်ကို အချစ်ဆုံးလို့ ဆိုကြတယ်။ သို့ပေမယ့် “ကမ္ဘာမီးလောင် သားကောင်ချနင်း” ဆိုတဲ့ စကားပုံကို ဆန့်ကျင်လိုက်တဲ့ ဤမိခင်ရဲ့ အဖြစ်လေးကို ခံစားကြည့်ကြပါစို့နော်….


တိုးအေးပေါ်မှ အိုမိခင်


မမျှော်မလင့် ၊ မိုးကြိုးသင့်သို့

ရင်နင့်ဖွယ်ရာ ၊ သည်းဆတ်ခါမျှ

ကြမ္မာကံဆိုး ၊ လွမ်းဇာတ်ပျိုးသည်

တိုးအေးနစ်သော ထိုတစ်နေ့ ။


ထိုနေ့မှသည် ၊ ညညနေ့နေ့

မြင်တွေ့မကောင်း ၊ သည်ဖြစ်ကြောင်းမှာ

အလောင်းထပ်မျှ ၊ မြင်နေခဲ့ရ ။


နေ့ရက်လျား၍

ဆယ့်ငါးရက်မြောက် ၊ ခါချိန်ရောက်မှ

ရေအောက်ကဖေါ် ၊ “တိုးအေး” ပေါ်ဝယ်

ညှိုးလျော်ကြေကွဲ ၊ မိခင်ဇွဲကို

အသဲနင့်ဖွယ် ၊ မြင်ရသည် ။


အရိုးစုမျှ ၊ ကြွင်းသော်မှပင်

ချစ်လှရင်သွေး ၊ သူ့ကလေးအား

ထွေးဆဲပိုက်ဆဲ ၊ ယုယဆဲဟု

သဲသဲမဲမဲပြနေသူ ။


ရေစီးကလှုပ် ၊ လှိုင်းကပုတ်၍

စုပ်သည့်ရေမွှား ၊ စားသည့်ရေပိုး

အကြောင်းဆိုးလည်း

တိုးကာ ကပ်ကာ ၊ မေ့သည်းချာအား

မကွာမကွဲ ပိုက်ပွေ့ဆဲ ။


အို ....... မိခင်

သင် ဘေးကင်းရာ

ကူးခပ်ပါ၍ ၊ လွတ်ရာအဝေး

ပြေးနိုင်ပါလျက် ၊ မပြေးရက်၍

အသက် စတေးလိုက်ရော့လား ။


အို ....... မိခင်

“ကိုယ်လျှင်မချိ ၊အမိသော်လဲ

သားတော်ခဲ” ဟု

စွဲလာဆိုထုံး ၊ စကားလုံးကို

ချေမှုန်း တော်လှန်လိုက်ရော့လား ။


အို ……. မိခင်

သင်နှင့်အတူ ၊ သင့်သည်းအူနှယ်

ရည်တူပြည့်သိပ် ၊ “မိခင်စိတ်” ဖြင့်

ယိုဖိတ်မေတ္တာ ၊ စေတနာကို

ခါခါ ဦးညွှတ်လိုက်ပါ၏ ။