အမေ့လက်ဆောင်

တစ်နေ့သောခါ မိမာတာမှ

မမြင်ဝေးကွယ် လူ့ရပ်လယ်သို့

ထွက်ခါပြုစ သားလူလှတွက်

လက်ဆောင်ဖြစ်ရေး စိတ်မှာတွေးကာ

ဘုရားဈေးတန်း ဆိုင်ခန်းတန်းသို့

သားဖြင့်တွဲကာလာခဲ့၏။


တခုသောခန်း ထိုဆိုင်တန်းတွင်

လှပယဉ်ကြော့ လည်တိုင်မော့နှင့်

ခါးသိမ်သေးနုပ် ယမင်းရုပ်သည်

ကတော့မည့်နှယ် ကြိုးမှာနွယ်၏။


ထို့မျှမက ဤဆိုင်ဝတွင်

သွေးသံရဲရဲ ကိုက်ကာခဲမည့်

ဝါနက်ရစ်သုတ် ကျားသစ်ရုပ်သည်

ကြိုးဆွဲတိုင်းမှာ အားမာန်ပါ၏။


သို့ပါသော်ငြား ထိုရုပ်များသည်

သခင်ခေါ်မှ သူမော်ရ၏။

သခင်ထူမှ သူမူရ၏။

သခင်ဆွဲမှ သူနွှဲရ၏။


လောကဓံကြုံ စိတ်မဖြုံရန်

သားလေးအငယ် သိစေရွယ်၍

ရုပ်သေးဘ၀ အားမကျကာ

ကန်ပါပေါက်ပါ မကြောက်ပါသော

ဘယ်ကိုရောက်ရောက် ဒူးမထောက်ပဲ

ကော့ကာရင်လေး အရောင်ပြေးလို့

ဆေးနီခြယ်သ လှပပဖြင့်

ခန္ဓာလုံးကျစ် မမုန်းရစ်ပဲ

ရောက်ရာအရပ် ဦးခေါင်းမတ်ကာ

စိန်ခေါ်နေဟန် လောကဓံကို

ဖေါ်ကျူးညွှန်ပြ သားအားကျအောင်

သိစရာတွေး ဆင့်ကာပေးသော

မာန်ထောင်တက်ကြွ လှကြီးလှသည့်

ပစ်လိုက်တိုင်းထောင် ပစ်တိုင်းထောင်သာ

လက်ဆောင်ဝယ်ခါပေးတော့၏။

10 comments:

  1. ယမင်းရုပ်ရလောက်ပြီ အောက်မေ့တယ်။ ပစ်တိုင်းထောင်နဲ့ ကျေနပ်လိုက်ရတယ်။
    ကိုဝဿန်ရေ ကဗျာအတွက် ကျေးဇူးပါ။
    ပျော်ရွှင်စွာ ခံစားသွားပါတယ်။

    ReplyDelete
  2. အမေကတော့ ၀ဿန့်တွက်ကို ပစ်တိုင်းထောင်လေးပဲ ၀ယ်ပေးမှာတဲ့နော်...း)
    ပစ်လိုက်တိုင်း ထောင် ပစ်တိုင်းထောင်ပေါ့ကွာ...ဟုတ်တယ်ဟုတ် ...း)

    ReplyDelete
  3. အမေက ရည်ရွယ်ချက်လေးတစ်ခု နဲ့  ၀ယ်ပေးလိုက်တာ ထင်တယ် ၀ဿန်လည်း ဘ၀မှာ ဘယ်တော့မှမလဲတဲ့ ပစ်တိုင်းထောင်လေးလို ရပ်တည်နိုင်ဖို့ အတွက်ပေါ့ ။

    ReplyDelete
  4. အရမ်းကောင်းပါတယ် ဘယ်တော့မှ မလဲတဲ့ပစ်လိုက်တိုင်ထောင်တဲ့ ပစ်တိုင်းထောင်ဘ၀လေးဖြစ်ချင်တယ်

    ReplyDelete
  5. အရမ်းကောင်းသဗျာ..။ ဘယ်အချိန် ဘယ်နေရာရောက်ရောက် ပစ်တိုင်းထောင်လေးလို ဘယ်တော့မှ လဲမသွားပဲ လောကဓံကို ကြံ့ကြံ့ခံနိုင်စေဘို့ သားမောင်အတွက် မွေးမေမေရဲ့ အလွန်တရာတန်ဘို့းရှိလှတဲ့ လက်ဆောင်ပါပဲဗျာ..။ ။

    ReplyDelete
  6. ကဗျာလေးကောင်းတယ် သူငယ်ချင်းရေ ...

    ReplyDelete
  7. This comment has been removed by a blog administrator.

    ReplyDelete
  8. ပစ်တိုင်းထောင်ပဲ ကောင်းပါတယ်။

    ReplyDelete
  9. ရေးသားပုံလေးဆန်းတယ်..မိုက်ပါ၏...

    ReplyDelete